ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ သမီးဖြစ်သူ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်းထန်း တို့နဲ့အတူ ဝန်ကြီးချုပ်သုံးဦး အုပ်ချုပ်မှုမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆကို ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပယ်ချလိုက်ပြီး သူသာ တိုင်းပြည်ရဲ့ တဦးတည်းသောဝန်ကြီးချုပ် ဖြစ်တယ်လို့ ဖြေရှင်းလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
လူတွေရဲ့အမြင်ကို ပြောင်းလဲဖို့ သူ့မှာ အစွမ်းမရှိပေမဲ့ ဒီလိုမျိုး ပြောဆိုနေကြတာတွေက အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် သူဆောင်ရွက်နေတာတွေ၊ ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူရတာတွေအပေါ် ထိခိုက်စေမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဆေထာက ပြောပါတယ်။
လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ နိုင်ငံရေးလောကကို ပြန်လာနိုင်ပြီး ဩဇာလွှမ်းမိုးမှု ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် “ဝန်ကြီးချုပ်နှစ်ဦး” အပြိုင်ရှိသလို ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြတာ ဖြစ်ပါတယ်။
အဲဒီအပြင် သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်းဟာလည်း အာဏာရ ဖွေ့ထိုင်းပါတီ ခေါင်းဆောင်နေရာအပြင် အရေးကြီးတဲ့ ရာထူးတွေ ကိုင်ထားတာကြောင့် “ဝန်ကြီးချုပ်သုံးဦး” အုပ်ချုပ်မှု ဖြစ်လာမယ်လို့လည်း ပြောကြတာတွေ ရှိနေပါတယ်။
သက်ဆင် အပါအဝင် ဝန်ကြီးချုပ်ဟောင်းတွေရဲ့ အကြံပေးမှုတွေကို လက်ခံသွားမှာဖြစ်ပေမဲ့ ဆုံးဖြတ်ရမှာကတော့ သူကိုယ်တိုင်ပဲဖြစ်တယ်လို့လည်း ဆေထာက ပြောသွားပါတယ်။
အစိုးရအဖွဲ့ဝန်ကြီးတွေက သက်ဆင်ဆီကို သွားတွေ့တာမျိုးဆိုရင်လည်း အရင်ကတည်းက ခင်မင်ကြလို့ တွေ့တာဖြစ်တာကြောင့် သူ့အနေနဲ့ ဘာမှ စိတ်ကွက်စရာ မရှိဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
သူနဲ့ သက်ဆင်နဲ့ တွေ့တဲ့အချိန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဝန်ကြီးချုပ်က ဝေ့ဝိုက်ဖြေသွားပါတယ်။
“အချိန်ကျလာရင် ခင်ဗျားတို့ သိလာမှာပါ။ ဒီကိစ္စကို တော်ဝင်ခွင့်ပြုချက်ရဖို့ တင်ပြရမှာက ကျနော်ပါ” လို့ ဆေထာက ပြောသွားပါတယ်။
Source/Photo-Reuters