နယူးဇီလန်မှာ နောက်မျိုးဆက်ကို ဆေးလိပ်နဲ့ ဆေးရွက်ကြီး ရောင်းချမှု လုံးဝပိတ်ပင်တဲ့ ဥပဒေကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ပယ်ဖျက်သွားမယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
ဇူလိုင်လမှာ စတင်အသက်ဝင်မယ့် ဥပဒေအရ ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ပိုင်း မွေးတဲ့ သူမှန်သမျှကို ဆေးလိပ်နဲ့ ဆေးရွက်ကြီး ရောင်းချမှု လုံးဝပိတ်မှာဖြစ်ပြီး ဆေးလိပ်အပါအဝင် ရှူရှိုက်ရတဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေမှာ နီကိုတင်း ပါဝင်မှုပမာဏ လျှော့ချရမှာ ဖြစ်သလို ဆေးလိပ်နဲ့ ဆေးရွက်ကြီး လက်လီအရောင်းဆိုင် ၉၀ ရာခိုင်နှုန်းကိုလည်း လျှော့ချရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက တက်လာတဲ့ ညွန့်ပေါင်းအစိုးရသစ်က ပြည်သူ့သဘောထား မကောက်ယူတော့ဘဲ ဒီဥပဒေကို အလျင်အမြန်ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ညွန့်ပေါင်းအစိုးရဟာ ဆေးလိပ်သောက်သုံးမှု လျော့ကျဖို့ ရည်ရွယ်ထားပေမဲ့ မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမယ်လို့ တွဲဖက်ကျန်းမာရေးဝန်ကြီး ကေဆီကော့စတယ်လိုက ပြောပါတယ်။
“လူတွေဆေးလိပ်ဖြတ်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေ တိုးမြှင့်ပေးမယ့် အစီအစဉ်တွေကို မကြာခင် အစိုးရအဖွဲ့ကို တင်ပြသွားဖို့ရှိပါတယ်။”
လူငယ်တွေ သုံးစွဲမှုများလာတဲ့ vape သောက်သုံးမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေလည်း တင်းကျပ်သွားမယ်လို့လည်း ကေဆီကော့စတယ်လိုက ပြောပါတယ်။
အခုလို ဥပဒေပယ်ဖျက်မှုအပေါ် အပြာင်းအထန်ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒီဥပဒေ အသက်ဝင်တော့မယ်ဆိုတဲ့ သတင်းကြောင့် ရှိပြီး ဆေးလိပ်သောက်သူတွေတောင် ဆေးလိပ်ဖြတ်လာကြတာ၊ လူငယ်တွေ ဆေးလိပ်ဝယ်ရ ခက်လာသလို အကျိုးရှိတာတွေ အများကြီးရှိတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်းတွေကိုးကားပြီး အစိုးရရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။
Source/Photo-REUTERS/Christian Hartmann/Illustration