ဆရာဝန်တွေ ပုံမှန်လုပ်တဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တချို့ကို တောင်ကိုရီးယား သူနာပြုတွေက ဆောင်ရွက်နိုင်ရေး တရားဝင် အကာအကွယ်ပေးလိုက်ပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားမှာ သင်တန်းသားဆရာဝန်တွေက အလုပ်မဆင်းဘဲ သပိတ်မှောက်နေလို့ ဖြစ်လာတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ ဝန်ထုပ်ဝန်ပိုး သက်သာရာရစေရေး အာဏာပိုင်တွေက ကြိုးပမ်းနေတာပါ။
ဆေးကျောင်းမှာ သင်ကြားခွင့်ရတဲ့ ကျောင်းသားအရေအတွက်ကို တိုးပေးမယ့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သင်တန်းသား ဆရာဝန်တွေ အလုပ်က နုတ်ထွက်ခဲ့ကြပါတယ်။
အဲဒီနောက် တရားဥပဒေဆိုင်ရာ အန္တရာယ်နဲ့ ပိုများတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးကို သူနာပြုတွေက မကျေမနပ် ဖြစ်နေတာပါ။
နိုင်ငံတွင်း တရားဝင် ဆရာဝန်တွေနဲ့ အလုပ်သင်ဆရာဝန်တွေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ သူတို့ရာထူးကနေ နုတ်ထွက်ခဲ့အပြီး အရေးပေါ်ခန်းတွေက လူနာတွေကို လွှဲပြောင်းပေးရတာတွေ၊ ခွဲစိတ်ရေး အချိန်းအချက်နဲ့ တခြားလုပ်ထုံးလုပ်နည်းတွေကို ဖျက်သိမ်း ရွှေ့ဆိုင်းရတာတွေရှိလို့ အဓိကဆေးရုံတွေမှာ ဝန်ဆောင်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
Source/Photo-REUTERS/Kim Soo-Hyeon/File Photo