ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်ရှိ မြို့နယ်တရားရုံးအနီးမှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၉ နာရီခွဲအချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိုခံတဦးက "လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း တခါပေါက်ဖူးသေးတယ်။ အဲ့ဒီတုန်းက စစ်သား ၂ ယောက် သေသွားတာပေါ့။ ဒီတခါတော့ ဘာမှမကြားသေးဘူး" လို့ ပြောပါတယ်။
မရမ်းကုန်းမြို့နယ်တရားရုံးကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ (ပကဖ) နဲ့ မဟာမိတ် Yangon Victory Force တို့က ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်မှု မထမ်းမနေရ ဥပဒေ ထုတ်ပြန်ခဲ့တဲ့အပေါ် လုံးဝကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ပြည်သူလူထုနဲ့လူငယ်ထု ကိုယ်စား မခံမရပ်နိုင်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၂၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း အခုလို ဗုံးပေါက်ကွဲခဲ့တာကြောင့် တရားရုံးစောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။