Home
နိုင်ငံတကာ
ကာတာတွင် အစ္စရေး-ဟားမတ်စ် ညှိနှိုင်း၊ အပစ်ရပ်နိုင်ရန် ဘိုင်ဒင် မျှော်မှန်း
DVB
·
February 27, 2024

ကာတာနိုင်ငံမှာ အစ္စရေးနဲ့ ဟားမတ်စ် အပစ်ရပ်ရေးနဲ့ ဓားစာခံလွှတ်ပေးရေး ညှိနေတာ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီး လာမယ့်သီတင်းပတ် တနင်္လာနေ့မှာ စတင်အပစ်ရပ်နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် တာဝန်ရှိသူတွေဟာ နှစ်ဖက် မျက်နှာချင်းဆိုင်ညှိတာမျိုး မဟုတ်ဘဲ ကြားခံဆွေးနွေးမှုလို့ ခေါ်တဲ့ တမြို့တည်းမှာပဲ ကြားဝင်ညှိနှိုင်းသူတွေနဲ့ သီးခြားစီတွေ့ဆုံပြီး ညှိနှိုင်းတာ ဖြစ်ပါတယ်။

လေးလခွဲ အပစ်ရပ်ဖို့ကိစ္စမှာ ဟားမတ်စ်ရဲ့ တန်ပြန်တောင်းဆိုချက်ကို အစ္စရေးက သဘောမတူတာကြောင့် ဖေဖော်ဝါရီလ အစောပိုင်းက ညှိနှိုင်းမှု ပျက်ပြားခဲ့ပါတယ်။

ဘိုင်ဒင်က “နီးစပ်နေပြီလို့ ငါ့လုံခြုံရေးအကြံပေးက ပြောတယ်။ ပြီးတော့မပြီးသေးဘူး။ လာမယ့် တနင်္လာနေ့လောက် အပစ်ရပ်နိုင်မယ်လို့ မှန်းတယ်” လို့ နယူးယောက်ကို ရောက်နေတဲ့အချိန် သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

မတ် ၁၀ ရက်နေ့မှာ စမယ့် ရာမာဒန်ဥပုသ်လ မတိုင်မီ အပစ်ရပ်နိုင်ရေးနဲ့ ဓားစာခံ လွတ်နိုင်ရေးအတွက် အမေရိကန်က တောက်လျှောက်ဖိအားပေးနေတာ ဖြစ်ပါတယ်။

ကာတာစော်ဘွား ရှိတ်တာမင်မ်ဘင်ဟာမက်အယ်လာသာနီနဲ့ တွေ့ဆုံအပြီးမှာ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့က သူတို့အဖွဲ့အနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ အားထုတ်မှုတွေကို လက်ခံထားပေမဲ့ အစ္စရေးဘက်က အချိန်ဆွဲနေတာ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ အစ္စရေးဘက်က သဘောတူညီမှုယူဖို့ အသင့်ရှိပေမဲ့ ဟားမတ်စ်ဘက်က တခြားဂြိုဟ်က ရောက်လာသလို တောင်းဆိုမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“ဟားမတ်စ်တွေအပေါ်ပဲ မူတည်ပါတယ်။ အခုက သူတို့ဆုံးဖြတ်ချက်ပါပဲ။ သူတို့ လက်တွေ့ကျကျ စဉ်းစားဖို့တော့ လိုပါတယ်” လို့ နေတန်ယာဟုက ပြောပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို အပြင်းအထန် စီးနင်းတိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၃ ဦး အဖမ်းခံခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ၁၃၀ ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အဲဒီအချိန်ကစပြီး ဟားမတ်စ်တွေကို လက်တုံ့ပြန်ရင်း အစ္စရေးက ဂါဇာကို တိုက်ခိုက်ခဲ့လို့ ဒေသခံ ပါလက်စတိုင်း အယောက် ၃၀,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂါဇာနယ်မြေက ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024