(က)
“ဘယ်လိုလဲ စိမ်းမောင်ရေ . . . မင်းတို့ ‘စစ်မှုထမ်းဥပဒေ’ အခြေအနေလေး”
“ငါ ဘယ်သိမလဲကွ မူးသာရ . . .”
ဘုတော၍ ပြန်ဖြေလေရာ တဟားဟား ရယ်ကြရပြန်ပါလေ၏။ ပြီးတော့ “ငါနဲ့ ဘာဆိုင်လို့လဲဟ” ဟု ခပ်တည်တည်ကြီး ပြောပြန်လေရာ အဘလုံးတုံးက ဝင်ကြပ်ပြန်ပါလေ၏။
“သိဘူးလေကွာ . . . မင်းက ရပ်ကျေး အစိမ်းပါတီဥက္ကဋ္ဌ၊ ပြီးတော့ တပ်ထောက်ခံသူ၊ ပြီးတော့ အမျိုး ဘာညာ သာရကာသမားမို့ မေးမိတာပါကွာ”
“ငါ ဘာမှမသိဘူး လုံးတုံး”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့ကား တိုင်ပင်မထားပါဘဲ အချိတ်အဆက်မိစွာ ကြပ်နိုင်တဲ့လူတွေကိုး ခင်ဗျ။ အဘစိမ်းမောင်ကား ရေနွေးပူပူကို တဖူးဖူးမှုတ်ရင်း လူကလည်း ထုံးစံအတိုင်း တရှူးရှူးဖြစ်နေပါတယ်။
အရွှင်အဘတို့ကား ပြုံးစိပြုံးစိနှင့် ကြပ်ဆဲ။
“သိဘူးလေကွာ . . . မင်းတို့အဘ မအလက ဟိုဘက်ရက်ကပဲ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်လို့ လူသိရှင်ကြား ယောက်ျားစကားပြောပြီး အခုကျတော့ ‘အမျိုးသမီးတွေ’ မပါသေးပါဘူးလို့ ယောက်ျားမဆန်တဲ့ စကားကို ပြင်ပြီး ပြောနေပြန်ပြီလေကွာ”
“အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ”
“သိဘူးလေကွာ... ဟိုဘက်အပတ်ကပဲ မင်းတို့ အစိမ်းပါတီက အရွယ်ကောင်းကောင်လေးတွေ သာမက ကောင်မလေးတွေပါ သာသနာ့ဘောင်ဝင်တဲ့လူကဝင်၊ ထိုင်းကို အောက်လမ်းကနေ လစ်တဲ့လူကလစ်နဲ့ ဖြစ်ခဲ့ကြသေးတယ် မဟုတ်လား”
“အဲ . . . အ င်း . . . ဒါက . . ဒီ . . . ဒီလို”
“ဝါး . . ဟားဟား ဟားဟား ဟားဟား ဟား”
ကြင်စိုး သာဝ မအလ လုပ်ချလိုက်တာ ရွာထဲက လူငယ်လူရွယ်အတော်များများ ရုတ်တရက် ပျောက်သွားတာတော့ အမှန်ပါပဲ ခင်ဗျ။ မအလ အာဏာသိမ်းကတည်းက သည်ရွာမှာ ဧည့်သည်အဖြစ် သောင်တင်နေတဲ့ ဖေကြီးကိုလည်း အဘတွေက ကြပ်ကြပါသေးသဗျ။
“လူပျိုသိုး ဖေကြီးလည်း ၃၅ နှစ်တော့ ပြည့်မယ်မထင်သေးဘူးနော်”
“အဲ . . . ကျနော်က ၄၅ နှစ်ကျော်ပြီဗျ အဘလုံးတုံးရ”
“အသက်ကို ပိုမပြောနဲ့နော် . . ရုပ်လက္ခဏာအရ ၃၅ အောက်ပဲ . . . ဟဲဟဲ ဟဲဟဲ ဟဲဟဲ”
“အဘတို့က ကျနော့်ကို စစ်မှုထမ်းစေ့ချင်ပုံပဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ဒီတခါစာရင်းလာကောက်ရင် စိမ်းမောင့်သား ၂ ယောက်ရယ်၊ ဖေကြီးရယ်ကို စာရင်းထည့်ပေးလိုက်မယ်”
“ဖေကြီးကို ထည့်ချင်ထည့် . . . ငါ့သားတွေတော့ မထည့်နိုင်ဘူးဟေ့”
“သြော် . . . အမျိုး ဘာသာ သာသနာ တပ်ထောက်ခံသူ အမာခံတွေရဲ့ သဘောထားအမှန်ကို ဟို အယုတ်တမာကောင်ကြီး ကြင်စိုး သာဝ မအလ သိစေချင်လိုက်တာဗျား”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ခ)
“ဒါနဲ့ ဟိုဘက်ရက်ကပဲ အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ပြောပြီး ဒီဘက်ရက်လည်းကျရော အမျိုးသမီးတွေ မပါသေးပါဘူးလို့ ပြင်ပြောပြန်ကော . . . အဲဒါ ဘယ်လို ဖြစ်တာလဲဟ လုံးတုံးရ”
“ဘယ်လိုဖြစ်တာလဲဆိုတော့ ဉာဏ်နည်းသူ မအလဟာ ရှေ့မကြည့် နောက်မကြည့် အမြဲတမ်း လုပ်တတ်သူလေကွာ မူးသာရာ”
“ဆိုပါအုံး . . .”
“ပထမရက်မှာ ‘အပိုင်ပဲ’ ဆိုပြီး အဲသည်အမိန့်ကို ထုတ်ချလိုက်တယ်၊ နောက်ရက်လည်းကျရော ဒုက္ခနဲ့ လှလှ တွေ့တော့တာပဲ”
“ဘယ်လို ဒုက္ခနဲ့ လှလှလဲ”
“အမျိုးသမီးတွေပါ စစ်မှုထမ်းရမယ့် သူ့ဥပဒေထဲမှာ သူ့သားနဲ့ သူ့သမီးတွေကနေ မွေးထားတဲ့ မြေးမ ၅ ယောက်လုံးဟာ လုံးဝကွက်တိကို အကျုံးဝင်ပြီး ‘ငြိ’ နေပါရောကွ”
“ကိုယ့်အတတ်နဲ့ကိုယ်စူး ဆိုတာ ဒါမျိုးဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“အပြင်လူ အရပ်သားတွေမပြောနဲ့၊ သူတို့ဖက်ဆစ်တပ်ထဲ အသိုင်းအဝိုင်းကပါ မအလရဲ့ မြေးမတွေ စစ်မှုထမ်းရင် ငါတို့လည်းထမ်းမယ် ဘာညာ စကားသံတွေ ညံနေအောင် ထွက်လာလို့ သူ့ထွေးပြီးသား အမိန့်တံတွေးကို သူပဲ ပြန်မြိုရတဲ့ အခြေအနေပေါ့ဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
မည်သို့ပင် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ဆိုစေကာမူ မြေပြင်မှာကား ၁၈ နှစ်အောက်တွေကော ၆၀ ကျော်တွေကိုပါ အတင်းအကျပ် ချုပ်နှောင်ခေါ်ဆောင်ကာ ‘ပေါ်တာ’ အဖြစ် အသုံးပြုနေတာတော့ ကျိန်းသေပါသတဲ့ ခင်ဗျ။
“တကယ်ဆို ၅၀ နီး ဖေကြီးလည်း လွတ်မှာမဟုတ်သလို ငါတို့လို ၆၀ ကျော် ၇၀ ကပ်ကြီးတွေလည်း လွတ်လိမ့်မယ်မထင်နဲ့”
အဘစောမူးသာ့ သုံးသပ်ချက်မှာ မှန်ပါပေလိမ့်မည်။ အဲသည်တော့ကာ ကြင်စိုး သာဝ မအလရဲ့ ဖက်ဆစ်တပ်က ရွာတွေထဲ ဝင်ဝင်ဆွဲလို့ ရှေ့တန်းအပို့ခံရပြီး အသေခံမလား၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေထဲ ဝင်ကြမလား . . . စဉ်းစားကြဖို့လိုပါပြီ တဲ့။
အဘစောမူးသာက “ငါတော့ PDF တပ်တွေထဲ အရောက်သွားမယ်၊ မအလ ဖက်ဆစ်တပ်တွေရဲ့ အဆွဲတော့ မခံနိုင်ဘူးဟ” ဟုဆိုလေရာ အဘလုံးတုံးက “မင်းစိတ်ဓာတ်ကိုတော့ လေးစားတယ်ကွာ” ဟု ချီးကျူးပါ၏။ ပြီးတဲ့အခါကျမှ အင်တာဗျူးပါလေ၏။
“ဒါနဲ့ မူးသာ . . လူငယ်တွေနဲ့အတူ တိုက်ပွဲဝင်ချင်တာတော့ ဟုတ်ပါပြီ . . ဒါပေမဲ့ မင်းမှာ ‘သွားတွေ’ မရှိတော့လို့ လူငယ်တွေနဲ့တန်းတူ တိုက်ဖို့ခိုက်ဖို့ လွယ်မယ်မထင်ဘူးဟ”
“ဒီမယ် လုံးတုံး . . . ‘သွားတွေ’ မရှိတော့ပေမဲ့ သန်မာပါသေးတယ်၊ ငါလုပ်နိုင်ပါတယ်ဟ”
“မဖြစ်ဘူးထင်တယ် မူးသာရဲ့ . . . ဖက်ဆစ်ဂျပန်ခေတ်က မင့်လိုမျိုးလူတယောက် တပ်ထဲဝင်ဖို့လုပ်တော့ တာဝန်ရှိသူတွေက ‘သွားတွေ’ ကိုစစ်ဆေးပြီး ငြင်းခဲ့ဘူးတာ သတိရတယ်”
အဘစိမ်းမောင်လည်း စိတ်ဝင်စားနေပုံနှင့် စကားဝိုင်းထဲသို့ ဝင်လာပါလေတော့၏ ခင်ဗျာ။
“မင်းဇာတ်လမ်းကို ရှင်းစမ်းပါအုံး လုံးတုံးရဲ့”
“စိမ်းမောင်လည်း တော်လှန်ရေးတပ်တွေထဲ ဝင်ကြဲတော့မယ် ထင်သဗျား”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ဂ)
သို့ဖြင့် အဘလုံးတုံးက သူ၏ဇာတ်ကို ရှင်းပြပါလေ၏ ခင်ဗျာ။ ဖက်ဆစ်ဂျပန်ခေတ်အခါက ရွာတရွာမှာ တော်လှန်ရေးတပ်သားတွေ စုဆောင်းတဲ့အခါ ဆယ်ကျော်သက် လူငယ် လူရွယ်ေတွ ကြားထဲမှာ အသက် ၆၀ ကျော်တဦးလည်း တက်တက်ကြွကြွ စာရင်းပေးနေတာ မြင်ကြရပါသတဲ့။
တာဝန်ရှိသူတွေက ထိုအဘိုးအိုကို လူငယ်လူရွယ်တွေနဲ့အတူ တာဝန်ထမ်းဆောင်ချင်စိတ်ရှိလို့ ဂုဏ်ယူကြောင်း၊ သို့ပေမယ်လို့ အသက်အရွယ်အရ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုတဲ့အခါ အဘိုးအိုက ရွာကိုတပတ် သာသာလေး ပြေးပြပါသတဲ့။
“အဲဒါနဲ့ တာဝန်ရှိသူတွေလည်း အကြံအိုက်နေတုန်း ဗြုန်းဆို တဦးက “အဘ ပါးစပ်ဟပြပါ” လို့ပြောပြီး ပါးစပ်ဟတဲ့အခါကြည့်ပြီး “အဘမှာ သွားတွေမရှိတော့တဲ့အတွက် စစ်တပ်ထဲ လိုက်လို့မရတော့ပါဘူး” လို့ ပြောကြသတဲ့”
“သူက ဘာပြန်ပြောသလဲ”
“အေး . . . “စစ်တိုက်တာနဲ့ သွားမရှိတာ ဘာမှမဆိုင်ဘူး၊ ငါ့ကို ဝင်ခွင့်ပြုပါကွာ” ဆိုတော့ တာဝန်ရှိသူတွေလည်း “တနေ့နေ့ကျ အဘ သိလာမှာပါ” ဆိုပြီး ဝင်ခွင့်ပြုလို့ ရှေ့တန်းကို ပါသွားပါရောတဲ့”
အဘလုံးတုံးပြောသမျှကို ဖေကြီးတို့ထက်ပင် အဘစိမ်းမောင်က ပို၍ စိတ်ဝင်စားနေတာ မြင်ရပါသဗျ။ စိတ်ဝင်စားရုံမက မေးခွန်းတွေပင် ဝင်၍မေးလာပါလေ၏။
“အဲဒါနဲ့ ရှေ့တန်းရောက်တော့ ဘာတွေ ဖြစ်သလဲ လုံးတုံးရ”
“အေး . . ဖက်ဆစ်တော်လှန်ရေးကာလ ကြမ်းကြမ်းကြီးတရက် ရှေ့တန်းမှာ ရိက္ခာဆန်တောင်မှ မရှိတော့လို့ တွေ့တဲ့ဟာတွေပဲ ပြုတ်ပြက်စားကြရတော့သတဲ့ ဟ”
“ဘာတွေ ပြုတ်ပြက်စားရတာလဲ ဟ”
“အေး . . . အဲသည်ရှေ့တန်းမှာတွေ့ရတဲ့ ကျွဲသားရေချပ်တွေ နွားသားရေချပ်တွေကို ပြုတ်စားရရုံသာမက နောက်ဆုံးမှာ ကိုယ်စီးထားတဲ့ နွားသားရေနဲ့လုပ်ထားတဲ့ စစ်ဖိနပ်တွေကိုပါ ပြုတ်ပြီး ကြိတ်ကြရတော့တာတဲ့ဟ”
“ဟေ . . . . .”
“အဲသည်အချိန် အဲဒါတွေကို ပြုတ်ပြီး လူငယ်လူရွယ်လေးတွေက ဝါးနေကြတဲ့အခါ ဟိုအဘိုးအိုလည်း ဝင်နွှဲရတာပေါ့ကွာ . . အဲသည်မှာ ဘယ်လိုမှကို မဝါးနိုင်တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီပေါ့”
“အင်း . . . . .”
“အဲသည်တော့မှ တာဝန်ရှိသူတွေပြောခဲ့တာကို “ဟုတ်သဟ . . . ဟုတ်သဟ” ဆိုပြီး နားလည်သွားကာ ညစ်နေတဲ့ကြားက တဟားဟား ထရယ်နေတော့သတဲ့”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“ဒါပေမဲ့ လုံးတုံးရယ် . . . အခု ငါ့မှာ သွားတွေမပြည့်စုံတော့ပေမဲ့ ရိက္ခာပြတ်လို့ သားရေပြားဝါးရမယ့်အဆင့် အခြေအနေ မဟုတ်တော့ဘူး ဟကောင်ရ”
“အင်း . . . ဆိုပါအုံး”
“ထောက်ပို့ပြည်သူလူထုရဲ့ စေတနာမေတ္တာအပြည့်နဲ့ ပို့ပို့ပေးနေတဲ့ မာလာရှမ်းကောတွေ စားရမယ်၊ ရှမ်းခေါက်ဆွဲတွေ စားရမယ်၊ တို့ဟူးတွေ စားရမယ်၊ နန်းကြီးသုပ်တွေ စားရမယ်၊ ခေါက်ဆွဲကြော်တွေ စားရမယ်၊ ရခိုင်မုန့်တီတွေ စားရမယ်၊ ထမင်းသုပ်တွေ စားရမယ်၊ ပေါက်စီတွေ စားရမယ်၊ ပီဇာတွေ စားရမယ်၊ ဟန်ဘာဂါတွေ စားရမယ်”
“အ မ ယ် မ ယ် . . .”
“ဒါတွေသာမက ပူတင်းပေါင်မုန့်တွေ စားရမယ်၊ ထိုးမုန့်တွေ စားရမယ်၊ ဟာလဝါတွေ စားရမယ်၊ နောက်ဆိုရင် နေပြည်တော်က နန်းစိန်ကိတ်တွေပါ သက်သောင့်သက်သာ ဝါးရတော့မှာပါဟ”
“အေးကွ၊ လွတ်မြောက်ချင်စိတ် ပြင်းထန်နေတဲ့ တနိုင်ငံလုံးက ထောက်ပို့ပြည်သူလူထုရဲ့ စေတနာနဲ့ မေတ္တာတွေပေါ့ကွာ”
“ဒါကြောင့်မို့ ငါ့မှာ ‘သွား’ မရှိလည်း လူငယ်တွေနဲ့အပြိုင် ရဲရဲကြီးဝင်နွှဲရဲတယ်လို့ ပြောတာပေါ့ဟ”
“ကြိုက်ပြီဟေ့”
ဒီကနေ့စကားဝိုင်းကား နိဂုံးချုပ်တော့မည်ဖြစ်ပါလေ၏။ ဖေကြီးတို့၏ ချစ်လှစွာသော အဘစိမ်းမောင်မှာလည်း သူ၏သွားများကို ယောင်ယမ်းကာ ပြန်စမ်းနေတာ အမှတ်မထင် မြင်ရပါလေရာ အဘစောမူးသာက ဤသို့ပြောပါ၏။
“ဒီမယ် စိမ်းမောင် . . . မင်းမှာ သွားတွေမရှိတော့ရင်လည်း PDF ထဲရောက်တဲ့အခါ အေးအေးဆေးဆေး ဖြစ်မှာပါတဲ့ ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)