စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မဈေးအတွင်း ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ဈေးလာဝယ်တဲ့ ရဲတပ်သားတယောက် အနီးကပ် ပစ်သတ်ခံရပြီး ဈေးကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပစ်သတ်ခံရတဲ့ ရဲတပ်သားအမည်ဟာ ကျော်ကိုကိုခန့် ဖြစ်ပြီး ဝက်သားဝယ်နေတုန်း ပစ်သတ်ခံရတာလို့လည်း သိရပါတယ်။
ကုန်စိမ်းရောင်းချသူ အမျိုးသမီးတဦးက “အကုန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ သူတို့ ရဲကို ပစ်ခတ်တဲ့ သေနတ်သမားကို စစ်ကောင်စီဘက်က ပြန်ပစ်တော့ သေနတ်သမားကို မထိဘဲ ဈေးထဲ ဈေးရောင်းနေတဲ့ ဈေးသည် ၅ ဦးနဲ့ ဘုန်ကြီးတပါး သေနတ်ထိမှန်ဒဏ်ရာရတာ ရှိခဲ့တယ်ရှင့်။ သေနတ်မှန်တဲ့ ပြည်သူ ၅ ဦးနဲ့ ဘုန်းကြီးတပါးကတော့ သေသလား၊ ရှင်သလား မသိရသေးဘူး။ ကျမတို့ကတော့ ကြောက်လန့်ပြီး ဈေးအတွင်းကနေ ထွက်ပြေးလာခဲ့တယ်။ ကျန်တဲ့သူတွေလည်း ရောင်းစရာ ဈေးကုန်ပစ္စည်းတွေလည်း အကုန်ပစ်ပြီး ထွက်ပြေးလာကြတယ်။ ခဏနေတော့ စစ်ကားတွေနဲ့ ဈေးအတွင်းရောက်လာပြီး ဈေးကို စစ်ကောင်စီတွေက မီးရှို့နေကြပြီ” လို့ ပြောပါတယ်။
ဘုတလင်မြို့အတွင်း စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်ပစ်ခတ်လို့ စစ်သား သေဆုံးတာတွေလည်း ရှိခဲ့ပြီး မနှစ် ဩဂုတ် ၇ ရက် ညနေ ၃ နာရီကလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဘုတလင်မြို့ မီးသတ်ဦးစီးဌာနရုံးကို ဝင်ရောက်စီးနင်းပြီး မီးသတ်ဦးစီးမှူး အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။