ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဆေးရုံမှာ ထိန်းသိမ်းခံထားရာကနေ လွတ်မြောက်လာပြီးနောက် အားနည်းနေဆဲဖြစ်ပေမဲ့ ပျော်ရွှင်နေကြောင်း လက်ရှိဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က ပြောပါတယ်။
အသက် ၇၄ နှစ်အရွယ် ဘီလီယံနာသူဌေးကြီး သက်ဆင်ရဲ့ပါတီ အာဏာပြန်ရခဲ့ပြီးနောက် ခြောက်လကြာ ထိန်းသိမ်းခံထားရတဲ့ သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်က အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် သူ့အမိမြေမှာ ပထမဆုံး လွတ်လပ်တဲ့ နေ့ရက်ကို ခံစားခွင့်ရခဲ့တာပါ။
ဝန်ကြီးချုပ် ခွန်ဆေထာက“အများကြီးမပြောဖြစ်ပါဘူး။ အားနည်းနေတုန်းပဲ ဆိုတော့လေ။ ဒါပေမဲ့ လက်ကတော့ နည်းနည်းလှုပ်နိုင်ပါပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
“အိမ်ပြန်ရတာ ပျော်နေပါတယ်” လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။
တော်ဝင်အင်အားစုတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ အစဉ်အဆက် ကြွယ်ဝသူတွေနဲ့ သက်ဆင်မိသားစု၊ ထောက်ခံသူတွေ၊ နောက်ပေါက်ကြွယ်ဝသူတွေအကြား ဆယ်စုနှစ် နှစ်ခုကျော်ကြာ အာဏာလွန်ဆွဲမှုမှာ ဝန်ကြီးချုပ်ဟောင်းဟာ အဓိကကျခဲ့သူ ဖြစ်ပါတယ်။
သက်ဆင်ဟာ တိုင်းပြည်ကို ပြန်လာချိန်မှာ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှုတွေနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံခဲ့ရပါတယ်။
ဒါပေမဲ့ ထောင်ထဲမှာ ပထမဆုံးညမှာပဲ သက်ဆင်ကို ရဲဆေးရုံရဲ့ အကောင်းစားအခန်းကို ရွှေ့ပေးခဲ့ပြီး အဲဒီမှာပဲ ထိန်းသိမ်းခံခဲ့ရတာပါ။
ဆရာဝန်တွေကတော့ သူဟာ ရင်ဘတ်အောင့်ပြီး သွေးတိုးနေတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သက်ဆင်ရဲ့ ထောင်ဒဏ်ကို ရှစ်နှစ်ကနေ တနှစ်အထိ ဘုရင်က လျှော့ပေးခဲ့ပါတယ်။
အဲဒီနောက်မှာ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ပေးအပ်တဲ့ လွတ်ငြိမ်းသက်သာခွင့်အရ ခြောက်လပဲကျခံရပြီး ပြန်လွတ်လာတာဖြစ်ပါတယ်။
Source/Photo-Reuters