စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီခွဲက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လာရောက်မီးရှို့တဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဟာ ဘန့်ဘွေးရွာမကနေ လာရောက်မီးရှို့တာလို့လည်း သိရပါတယ်။
ထန်းဇင်ရွာမှ ဒေသခံအမျိုးသမီးတဦးက “ရွာကလူတွေကတော့ ဘန့်ဘွေးရွာမက ပျူနဲ့ စစ်သားတွေ ကြောက်လို့ ရွာမှာ မနေကြတာ ဒီ ဖေဖော်ဝါရီ ၂၅ ရက်ဆိုရင် ၂ နှစ်ပြည့်ပြီ။ အဲလို လူမနေတဲ့ရွာကို မီးဝင်ရှို့တာရှင့်။ ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ သူတို့အနိုင်ကျင့်ရလို့ကို အခုလိုလုပ်နေကြတာ။ အဝေးကနေ မီးခိုးလုံးကြီးတွေ မြင်ရသလောက်ကတော့ မီးကတော့ အတော်များတယ်။ ညနေ ၄ နာရီကျော်လို့ကို မီးခိုးလုံးတွေက တက်နေတုန်းရှိသေးတာ။ ကိုယ်ကမှ သူတို့ပြန်လုပ်နိုင်တဲ့ စွမ်းအားမှ မရှိတာဆိုတော့ ကိုယ့်ရွာမီးရှို့တာကို အဝေးကနေပဲ ကြည့်နေရတာပါပဲ။ ရွာထဲကနေလည်း စစ်ကောင်စီတွေက မထွက်သေးဘူးဆိုတော့ အိမ်ဘယ်နှလုံး မီးလောင်တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အခုမီးရှို့ခံနေရတဲ့ ဘန့်ဘွေးမြောက်ရွာကို ဒေသခံအများစုက ထန်းဇင်ရွာလို့လည်း ခေါ်ကြပြီး စစ်ကောင်စီအထိုင်တပ်စွဲနေတဲ့ ဘန့်ဘွေးရွာမနဲ့ ၂ ဖာလုံလောက်ပဲဝေးတဲ့ ရွာချင်းကပ်နေတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။