ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်က မပေါက်ကွဲသေးတဲ့ လက်နက်စတခုကို မတော်တဆထိမိရာက ပေါက်ကွဲပြီး ကြံခင်းလုပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကမ်းလင့်လက်များ ပရဟိတအသင်းထံကနေ သိရပါတယ်။
ကျောက်မဲမြို့၊ ပင်းပေါကျေးရွာအုပ်စု နောင်ပစ်ရွာသွားတဲ့ ကားလမ်းဘေးက ကြံခင်းမှာ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီလောက်က ကြံခင်းအလုပ်သမား ၄ ဦး ကြံတင်နေတဲ့အချိန်မှာ အလုပ်သမားတဦးက မပေါက်ကွဲသေးတဲ့ လက်နက်စကို မတော်တဆ ထိမိတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် ကြံခင်းအလုပ်သမား အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကမ်းလင့်လက်များ ပရဟိတအသင်း တာဝန်ရှိသူတဦးက “လက်နက်စကို နင်းတာလား၊ ဆွဲနုတ်တာလား၊ သေချာတော့ တယောက်မှမသိပါဘူး။ ၃ ယောက်ဒဏ်ရာရပြီး ၁ ယောက် သေတယ်။ ၂ ယောက်ကတော့ ဒဏ်ရာစိုးရိမ်ရတယ်။ တယောက်ကတော့ လက်မောင်းပဲ ထိသွားတယ်။ အဲဒီနေရာက အန္တရာယ်ဇုန်ဆိုတော့ လူနာသွားတင်ပြီး ချက်ချင်း ပြန်ထွက်လိုက်တာ။ သူတို့ နောင်ချိုဘက်က လာတင်တာလို့ သိထားတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူအမျိုးသား ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦးကို ကမ်းလင့်လက်များ ပရဟိတအဖွဲ့က ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီထဲက စိုးရိမ်ဒဏ်ရာရရှိတဲ့ နှစ်ယောက်ကို ကျောက်မဲပြည်သူ့ဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို နမ့်ခုံးရှမ်းများ ပရဟိတအသင်းခွဲနဲ့အတူ ပို့ဆောင်ပေးခဲ့ပါတယ်။