ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်မှာ ဖေဖော်ဝါရီ ၂၅ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် ၂ ဦး၊ ဗိုလ်ကြီးအဆင့် ၃ ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထုတ်ပြန်ချက်အရ သိရပါတယ်။
လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးတဲ့အပြင် MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက်နဲ့ ခဲယမ်းကျည်ဆန်တွေ သိမ်းဆည်းမိတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဒီဗွီဘီကို ပြောပါတယ်။
“ဟိုပုံးမြို့ အရှေ့ဘက်မှာ ဖြစ်ပွားပါတယ်။ မိုင်းပွန်ဘက်ကနေ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။”
ဒါ့အပြင် စစ်ကောင်စီတပ်က ထမ်စမ်း ရွှေတိဂုံပုံတူစေတီတော်ကုန်းတော်မှာ လက်နက်ကြီး တပ်စွဲကာ မဲနယ်တောင်နဲ့ လွယ်ဝိုးတုတ်ရွာကို တနေကုန် လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လွယ်ဝိုးတုတ် ရွာခံတဦးက “တိုက်ပွဲက လွယ်ဝိုးတုတ်ရွာအနီးတဝိုက် တနေကုန် ပြင်းထန်တယ်။ ရွာထဲတော့ မဖြစ်ဘူး။ ဒါပေမဲ့ ရွာသားတွေအကုန်လုံး တောထဲထွက်ပြေးရတယ်။ ညရောက်လည်း တညလုံး လက်နက်ကြီးထုတယ်။ ဒီမနက်အစောလည်း လက်နက်ကြီး ထပ်ထုတယ်။ လူထိတာတော့ မကြားသေဘူး။ ရွာထဲအိမ်တချို့တော့ လက်နက်ကြီးထိ ပျက်စီးတာရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ပအိုဝ်းလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာ မြင့်မြတ်တဲ့ နေရာတွေကို သူတို့ရဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူတာ၊ တိုက်ခိုက်ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
အဲဒီလုပ်ရပ်တွေဟာ ပအိုဝ်းလူမျိုးတွေရဲ့ နှလုံးသည်းအူကို မီးရှို့နေတဲ့ လုပ်ရပ်မက ဘာသာရေး လွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေတာ ဖြစ်တယ်လို့လည်း PNLAက ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေတဲ့ အချိန်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်ပေးနေရတဲ့ မိမိတို့လုပ်ရပ်ကို ဦးနှောက်ကြီးကြီးနဲ့ သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်က ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် အမြန်ဆုံး ကူးပြောင်းကြဖို့လည်း PNLA က တိုက်တွန်းထားပါတယ်။