Home
နိုင်ငံတကာ
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် အထက်လွှတ်တော်ဥက္ကဋ္ဌ လုပ်မည်
DVB
·
February 26, 2024
Hun Sen_26022024

ကမ္ဘောဒီးယား အာဏာရပါတီဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာကျင်းပတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ ရာထူးကနားသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လည်း အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်လေးခုနီးပါး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ရွေးကောက်ပွဲအပြီးမှာ အကြီးဆုံးသား ဟွန်မာနက်ကို ဝန်ကြီးချုပ်နေရာ ဆက်ခံစေခဲ့ပါတယ်။

အဲဒီတုန်းကတည်းက ရာထူးကနားရင်လည်း ဩဇာလွှမ်းမိုးမှု ဆက်ရှိနေဦးမယ့် အရိပ်အယောင် ပြခဲ့ပါတယ်။

၂၅ ရက်နေ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ဟာ အမတ် ၅၈ နေရာမှာ နေရာ ၅၀ အနည်းဆုံးနိုင်တယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

အနိုင်ရသူတွေထဲမှာ ဟွန်ဆန်လည်း ပါဝင်ပြီး အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပါတီက အဆိုပြုမှာဖြစ်တယ်လို့ အတည်ပြုပါတယ်။

အထက်လွှတ်တော်ဥက္ကဋ္ဌဟာ ဘုရင် ပြည်ပထွက်နေချိန်မှာ နိုင်ငံ့ဥသျှောင်တာဝန်ကို ယူရတာ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟွန်ဆန်ဟာ အာဏာရပါတီဥက္ကဋ္ဌ တာဝန်လည်း ဆက်ယူထားဆဲ ဖြစ်ပါတယ်။

အထက်လွှတ်တော်ကို လူထုက တိုက်ရိုက်ရွေးကောက်တာ မဟုတ်ပါဘူး။ အထက်လွှတ်တော်အမတ် ၆၂ နေရာရှိတဲ့အနက် ၅၈ နေရာကို အောက်လွှတ်တော်အမတ် ၁၂၅ ဦးနဲ့ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူ ၁၁,၀၀၀ က မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

နှစ်ဦးကိုတော့ ဘုရင်နိုရိုဒွန် ဆီဟာမိုနီက ခန့်ပြီး ကျန်နှစ်ဦးကိုတော့ အောက်လွှတ်တော်က ခန့်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024