ရွာတရွာကို ရောက်ဖူးတဲ့အကြောင်း ပြန်ပြောင်းတွေးမိချိန်က အဲဒီရွာ ပြာကျသွားတာကို သတင်းတွေမှာ တွေ့ရတဲ့အချိန် ဖြစ်ပါတယ်။
အဲဒီရွာက စာသင်ကျောင်း ပြာကျသွားတယ်။ အဲဒီရွာက ဘုရားကျောင်း ပြာကျသွားတယ်။ ဘုရားကျောင်းကို စစ်ကြောင်းထိုးလာပြီး မီးရှို့သွားကြတာ။ စာသင်ကျောင်းက လက်နက်ကြီးကျလို့ မီးလောင်ပြာကျသွားတယ်။ သတင်းဓာတ်ပုံတွေက ရင်ထဲ မချိအောင် ခံစားရပါတယ်။
ဒီရွာကို ရောက်ခဲ့စဉ်က ရွာကသူတွေနဲ့ စကားပြောခဲ့ရတာတွေ အမှတ်ရနေတုန်းပါ။ ရွှေဘိုမြို့ကနေ ဆည်ဘောင်ဘေးလမ်းက သွားရတာ နီးလို့ဆိုတဲ့အတွက် လမ်းသာခဲ့လို့ အဲ့ဒီရွာကို သွားခဲ့ကြတာပါ။
လမ်းတလျှောက်မှာတော့ “ဒီရွာက အရင်ကဆို ပေါ်တူဂီရုပ်တွေနဲ့လူတွေ ရှိတယ်။ နိုင်ငံခြားသားရုပ် ပေါက်တာပေါ့။ အခုနောက်ပိုင်းတော့ ပေါ်တူဂီရုပ်နဲ့တူတာတွေ မရှိသလောက် ရှားသွားပါပြီ။”
လမ်းတလျှောက် ဒေသခံရဲ့ အဲ့ဒီရွာအကြောင်း ဟိုတဒီတစ ပြောပြတာကို စိတ်ကူးပုံဖော်ပြီး ကားပေါ်လိုက်ပါလာခဲ့ပါတယ်။
“ဒီရွာက အလောင်းမင်းတရားလက်ထက်က ပေါ်တူဂီတွေ သီးသန့်ပေးထားတဲ့ရွာလို့ လူကြီးတွေ ပြောကြတာ ကြားဖူးတယ်။ အလောင်းမင်းတရားက လက်နက်ထုတ်လုပ်ဖို့အတွက် ပေါ်တူဂီတွေကို ခေါ်ယူခဲ့တာလို့လည်း ကြားဖူးတယ်” လို့ ဒေသခံက သူကြားဖူးသမျှ ရှေ့ဟောင်းဖြစ်ရပ်တချို့ကိုပါ ပြောပြပါတယ်။
ရွာက ရွာလို့သာ ပြောတာ၊ တကယ်တော့ မြို့အငယ်စားလေးလို အကွက်ကျကျ ပုံဖော်ထားတဲ့ရွာပါ။ ရန်ကုန်မြို့နဲ့ နှိုင်းစာပြောရရင် ပိုင်းခြားထားတဲ့ ဘလောက်တွေ၊ တကန့်တကန့်စီ ပိုင်းခြားထားတဲ့ လူနေအိမ်တွေနဲ့ သပ်သပ်ရပ်ရပ် အကွက်ချ ပုံဖော်တည်ဆောက်ထားတဲ့ရွာ ဖြစ်ပါတယ်။
ရွာရဲ့တဖက်ခြမ်းမှာတော့ ခရစ်ယာန်ဘုရားကျောင်းကြီးက ထီးထီးမားမားကြီး ရှိနေပါတယ်။ ထူးခြားတာတွေထဲက ဘုရားကျောင်းနဲ့ အိမ်ယာအကွက်ချထားတာလေးတွေ ဖြစ်ပါတယ်။
အိမ်တလုံးချင်းစီကို တချို့က သစ်နဲ့လုပ်ထားတဲ့ ခြံစည်းရိုး။ တချို့က ဝါးခြံစည်းရိုးတွေနဲ့ စနစ်တကျ ကာရံထားတာ ဖြစ်ပါတယ်။
ရွာကိုရောက်ရောက်ချင်း “ကျနော်တို့က မတူညီတဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ လူမျိုးတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်း ရိုက်ကူးဖို့ ဒီရွာအကြောင်း စုံစမ်းချင်လို့ပါ” လို့ ပြောတော့ ရွာခံတယောက်က အိမ်တအိမ်ကို ခေါ်သွားပါတယ်။
နီးစပ်ရာ ဒေသခံတွေက ရွာအကြောင်း၊ လူတွေအကြောင်း၊ ဘုရားကျောင်းအကြောင်းနဲ့ စာသင်ကျောင်းအကြောင်းတွေကို ကိုယ်စီကိုယ်စီ ပြောပြတဲ့သူကပြော၊ ဖြည့်စွက်တဲ့သူက ဖြည့်စွက် စကားဝိုင်းလေးက အတော်လေး စိုစိုပြည်ပြည် ရှိခဲ့ပါတယ်။
ဒေသခံတဦးနဲ့ ရွာတပတ်လေ့လာပြီး ကားပတ်မောင်းတော့ စိတ်မကောင်းစရာ စကားတခွန်း ကြားလိုက်ရပါတယ်။
“ဘုန်းကြီးကျောင်းက ရွာဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် နှစ်ကျောင်းရှိတယ်။ ဒါပေမဲ့ အဲဒီကျောင်းနှစ်ကျောင်းက မတည့်ကြဘူး။ ရပ်ရေးရွာရေးမှာ တခုခု လုပ်ချင်လာရင် လူငယ်တွေက ဘုရားကျောင်းက ဘုန်းတော်ကြီးနဲ့အတူ ဘုန်းကြီးကျောင်းနှစ်ကျောင်းဆီ သွားပြီး တလှည့်စီ တောင်းဆိုကြတဲ့အခါမှ ဘုန်းကြီးကျောင်းနှစ်ကျောင်းက လိုက်လျောပေးတာမျိုးတွေ ရှိတယ်” လို့ ဒေသခံလူငယ်က အခြေအနေကို ပြောပြပါတယ်။
ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဒါယကာ၊ ဒါယိကာမတွေကလည်း ဟိုဘက် ဒီဘက် တဖွဲ့စီ ကွဲနေကြတဲ့အကြောင်း အရွှန်းဖောက် ပြောပြနေသေးတာပါ။
ဒီနေ့ ဒီကာလမှာ စာအုပ်တအုပ်ဖြစ်ဖို့ အတော်လေး ငွေကုန်ကြေးကျနိုင်သလို စာအုပ်ပါ အကြောင်းအရာမှာ စစ်ကောင်စီကို တနည်းမဟုတ်တနည်း ထိပါးစေတဲ့အရာမျိုး ပါလာရင် စာအုပ်တိုက်ကိုပိတ်။ ပုံနှိပ်စက်ကိုပါ ပိတ်သိမ်းခံရတဲ့ဖြစ်ရပ်တွေ ရှိလာနေပါပြီ။
မကြာသေးခင်က စာအုပ်စင်တွေပေါ် အသစ်ရောက်လာတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ဒီစာအုပ်လေးကို ထွက်ထွက်ချင်း စိတ်ဝင်စားမိပါတယ်။ ဝယ်တော့မဝယ်ဖြစ်ခဲ့ပါဘူး။ တဟုန်တိုး အတက်ဘက်ကို ဦးတည်နေတဲ့ စာအုပ်တန်ဖိုးတွေကြောင့် မဝယ်ဖြစ်တာလည်း ပါပါတယ်။
စာအုပ်စင်တွေဘက် ရောက်သွားတိုင်း ကိုင်ကိုင်ကြည့်မိတဲ့ အဲဒီစာအုပ်လေးကို စိတ်ဝင်စားမိတာတော့ အမှန်ပါ။ တနယ်တကျေးအရပ်ကနေ ရွာခြေပြန်မကပ်နိုင်တဲ့ အချိန်တွေမှာ ရပ်အကြောင်း၊ ရွာအကြောင်း၊ ရွာကလူတွေကိုလွမ်းတဲ့ အလွမ်းစာလို အကြောင်းအရာတွေကို ပိုပြီးစိတ်ဝင်စားမိပါတယ်။ ဖတ်မိတဲ့အကြောင်းအရာတွေထဲ ကိုယ့်အရပ်၊ ကိုယ့်ဒေသအကြောင်း မပါပေမဲ့ ရွာကိုလွမ်းပုံချင်းတော့ အတူတူပဲပေါ့။
အဲဒီစာအုပ်လေးကို ဖြတ်ခနဲ လှန်လှောဖတ်မိတော့ တချိန်က ရောက်ဖူးခဲ့တဲ့ ရွာတရွာကအကြောင်း ဖြစ်နေပါတော့တယ်။
အခြေအနေ အချိန်အခါအရ စာရေးသူက ဒေသခံအစစ်ဖြစ်တော့ သူ့ဒေသအကြောင်း လက်ရှိအခြေအနေကို သူကြားသမျှ၊ သူခံစားမိသမျှ ဖွင့်အံထုတ်ပြလို့ မရသေးချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တချိန်က ထိတွေ့လာခဲ့ရတဲ့ ရေခံမြေခံ နေရာတခုအကြောင်း လက်ရှိလွမ်းမိသမျှ ထုတ်ဖော်ရေးသားပုံ ရပါတယ်။ စာအုပ်အကြောင်း အမြင်တွေ ရေးသားသူတွေလည်း ရှိပါတယ်။ စာအုပ်ပါ အကြောင်းအရာလေးတွေကို ရေးသားကြတာကိုပါ တွေ့ရပါတယ်။
တပတ်အတွင်း တုံ့ပြန်မှု အများဆုံးရတဲ့ အဲဒီစာအုပ်ဟာ နှစ်တနှစ်ရဲ့ မိတ်ဆက်မျှဝေတဲ့ စာအုပ်တွေထဲက တပတ်အတွင်း စိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်း စာအုပ်အမြည်း ရေးသားမျှဝေသူတဦးက ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
မိတ်ဆွေ ကဗျာဆရာမတဦးက အဲဒီစာအုပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ အနာဂတ်မှာ ကလေးတွေကို ပုံပြင်နဲ့ ပိနေတာမျိုး မလိုချင်တော့တဲ့အကြောင်း။ ကိုယ် တကယ်ခံစားနေရတဲ့ အခြေအနေကို အပူရုပ်နဲ့ ဟန်လုပ်ပြီး ကလေးတွေရှေ့ ဟန်ဆောင်ပြနေတာမျိုး၊ အနာဂတ်ကို ပုံရိပ်အမှားတွေနဲ့ ထားခဲ့ရမယ့် မျိုးဆက်တွေကို မထားခဲ့ချင်တော့တဲ့အကြောင်း ရေးသားပြောဆိုထားတာကိုလည်း ဖတ်မိလိုက်ပါတယ်။
တကယ်တော့ လက်ရှိ အဲဒီရွာမှာ ဘာတွေကြုံနေရလဲ။ အဲဒီရွာမှာ ဆင်းရဲ ချမ်းသာ မခွဲခြားတတ်တဲ့ အမယ်ကြီးအိုတယောက် ဘယ်လို နေထိုင်နေရပါသလဲ။ အဖြူ အမည်း သူ့ဘက်ကိုယ့်ဘက် မခွဲခြားတတ်ဘဲ ရပ်ရေးရွာရေး ဆောင်ရွက်တတ်တဲ့ အဘိုးအိုတယောက် ဘယ်လိုများ နေထိုင်နေရပါသလဲ။ သူတို့တွေ လုံခြုံပါရဲ့လားလို့ တွေးလေ ရင်မောစရာ ဖြစ်ရပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီတပ်တွေဟာ မြေပြင်ကနေ စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေပါ တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။
ဒီလိုတိုက်ခိုက်ခံရတာဟာ တကြိမ်တည်းတော့ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်သားတွေက နေအိမ် ၃၀၀ လောက်ရှိတဲ့ ရွာကလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ရွာမှာရှိတဲ့ အထက်တန်းကျောင်းကြီးလည်း မီးရှို့ဖျက်ဆီးတာကို ခံလိုက်ရပါတယ်။
ဒီရွာဟာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင် ဘုန်းတော်ကြီး မာကုတင်ဝင်း တို့ရဲ့ ဇာတိမြေလည်း ဖြစ်တယ်လို့ သတင်းမှာ တွေ့ရပါတယ်။
အဲဒီရွာရောက်ခဲ့စဉ်က ဘုရားကျောင်းမှာ ရှေးဟောင်းလက်ရာတွေနဲ့ အုတ်ဂူတချို့ကို လေ့လာခွင့်ရခဲ့ပါတယ်။ ကျောင်းမှာရှိတဲ့သူတယောက်နဲ့ပဲ တွေ့လာခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ်ယာန်သာသနာ ရောက်ရှိတဲ့ အစောဆုံးနေရာကို ပြောပါဆို ဒီနေရာပါပဲလို့လည်း သူကပြောပြပါတယ်။ ဘုရားကျောင်းက ဘုန်းတော်ကြီးနဲ့တော့ ခရီးလွန်နေလို့ မတွေ့ခဲ့ရပါဘူး။
အတည်တကျနဲ့ နေသားတကျဖြစ်နေတဲ့ အသိုက်အမြုံတွေကို ဖျက်ဆီးခံလိုက်ရတာတွေက အညာဒေသမှာ လက်ညှိုးထိုးလို့ မလွဲတော့ပါဘူး။
အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲက မိသားစုဝင်တွေရဲ့ အသက်တွေ၊ အသိုက်အမြုံတွေ၊ အထင်ကရနေရာတွေ ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။
ဖျက်စရာမကျန်အောင် အဖျက်ခံလိုက်ရတဲ့ ရွာတွေထဲက ရောက်ဖူးခဲ့တဲ့ ရွာတရွာကို နောက်ကြောင်းပြန်ကြည့်မိတော့ အပျက်အစီးပုံတွေကြားကို ရောက်လို့နေပါပြီ။
တာပလု