စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက စက္ကန့်ရွာ၊ ကံကြီးရွာနဲ့ ကံသာရွာတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး အဆိုပါ စစ်ကောင်စီစခန်းကို ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များခဲ့သလို မိမိတို့ ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၂ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “လောလောဆယ် ကံကြီး၊ ကံသာ၊ စက္ကန့် သိမ်းနိုင်ထားတယ်ဗျ။ တိုက်ပွဲတွေကလည်း ဆက်ရှိနေတော့ အခြေအနေတွေက မတည်ငြိမ်သေးဘူး။ စက္ကန့်တိုက်ပွဲမှာ ဗိုလ်ကြီး ၁ ယောက်လည်း ကျထားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း ကလေးမြို့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့ပေါ်က ဒေသခံ ၆ ဦး သေဆုံးခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဖေဖော်ဝါရီ ၂၅ ရက်က ကလေးမြို့အနောက်ပိုင်း ဆင်ရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ကလေးနယ်တောင်ပိုင်း လယ်ခြားရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်အေသင်တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာပါ။
လယ်ခြားရွာ ဒေသခံတဦးက “မအေသင်က အိမ်မှာနေနေတာ၊ ဟံသာဝတီဘက်ကနေ လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်တာ၊ မနက် ၈ နာရီမှာ သူ့အိမ်ကို လက်နက်ကြီးကျတယ်။ ကျောကနေ အရှေ့ရင်ဘတ်ကို လက်နက်ကြီးစက ဖောက်ထွက်သွားတာ။ ည ၁၂ နာရီလောက်မှာ ဆုံးသွားတာ။ ဘေးအိမ်ကဝက်တကောင်ကတော့ ပွဲချင်းပြီး သေသွားတာ” လို့ ပြောပါတယ်။
ကလေးမြို့တွင်းကနေ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သုံးအိမ်စုရွာက အသက် ၄၇ နှစ်အရွယ် ဦးငပုလည်း ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိမှာလည်း ကလေးမြို့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲရှိရာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် ညအစောပိုင်း ၇ နာရီလောက်ကလည်း မွန်းလိုင်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ-အမှတ်-၁ စစ်ဒေသ