လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ်တဦး ခေါ်ယူဖို့ တောင်းဆိုကြတဲ့ အသင်းပရိသတ်တွေအပေါ် နားလည်ကြောင်း အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူထားပေမဲ့ ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ်တွေရှိခဲ့တာကိုလည်း ပရိသတ်တွေက စိုးရိမ်ခဲ့ကြတာပါ။
အာဆင်နယ်အသင်းမှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရည်မှန်းချက်တွေ ချမှတ်ထားသလို ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း အီဒူးက ပြောပါတယ်။
အသင်းက ဂိုးမသွင်းနိုင်တဲ့ပွဲတွေ ရှိလာတာနဲ့ အခွင့်အရေးဖန်တီးနိုင်မှုတွေ မရှိတာတွေ ဖြစ်လာရင်တော့ စိုးရိမ်စရာဖြစ်လာနိုင်ပေမဲ့ လက်ရှိအချိန်မှာ တိုက်စစ်အင်အား ကောင်းမွန်နေကြောင်း၊ ဆက်လက် တိုးတက်လာမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း အီဒူးက ပြောပါတယ်။
အာဆင်နယ်မှာ တိုက်စစ်မှူးစစ်စစ်တွေဖြစ်တဲ့ ဂျေဇုနဲ့ အန်ကတ်တီယာတို့ ပုံမှန်ခြေစွမ်း မရှိတာကြောင့် ထရော့ဆတ်နဲ့ ဟာဗက်ဇ်လို ကစားသမားတွေကို တိုက်စစ်မှူးအဖြစ်ထား ကစားနေရတာ ဖြစ်ပါတယ်။
Photo-REUTERS/David Klein