ပဲခူးမြို့က စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ ထုတ်ပေးတဲ့ရုံးမှာ လာရောက် လျှောက်ထားသူတွေ ပိုများလာနေပြီး ရုံးဝန်ထမ်းတွေကလည်း သတ်မှတ်စျေးနှုန်းထက် ငွေပိုတောင်းနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းကတည်းက နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေ ပိုများလာတာဖြစ်ပြီး ကြားပွဲစားတွေကနေတဆင့် ပတ်စ်ပို့စာအုပ် လျှောက်ထားခွင့်မပြုတော့ဘဲ လျှောက်ထားသူကိုယ်တိုင် တိုက်ရိုက်ပြုလုပ်ရပြီး ငွေပိုတောင်းနေကြတာလို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် ပဲခူးမြို့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရုံးမှာ လျှောက်ထားသူတွေ ပိုများလာတာဖြစ်တယ်လို့ ကျောက်တွင်းကုန်းလမ်းမှာ နေထိုင်သူတယောက်က ပြောပါတယ်။
“စာအုပ်အသစ် လုပ်တာတွေ တအားများတယ်။ ကိုရီးယားဘက်က အခုဆို မိန်းကလေး အလုပ်သမားတွေပါ ခေါ်တော့ အရင်ထက် ပိုများလာတာ” လို့ ပြောပါတယ်။
စောင့်ဆိုင်းရတဲ့အချိန် ကြာမြင့်တဲ့အပြင် ပွဲစားတွေကတဆင့် ပတ်စ်ပို့ပြုလုပ်ခွင့် မပေးတော့တာကြောင့် အလုပ်တွေ ရပ်နားထားတယ်လို့ ပဲခူးမြို့က ပတ်စ်ပို့ပွဲစားတယောက်က ပြောပါတယ်။
“အရင်ကတည်းက ကျနော်တို့ ပွဲစားတွေလုပ်တာတောင် စာအုပ်ရဖို့က အကြာကြီး စောင့်ရတယ်။ အခုက ရိုးရိုးပွဲစားတွေ လုပ်စားလို့ မရတော့ဘူး။ ရုံးဝန်ထမ်းနဲ့ တာဝန်ခံတွေ ပါးစပ်ထဲမှာပဲ ဈေးက ရှိတာ။ ဈေးကလည်း ၁၃ သိန်းကနေ ၁၅ သိန်းလောက်ထိ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပတ်စ်ပို့ရုံးက ရုံးဝန်ထမ်းတွေဟာ ဆက်ဆံရေးဆိုးရွားတဲ့အပြင် ပတ်စ်ပို့အသစ် လျှောက်ထားသူတွေနဲ့ သက်တမ်းတိုးတဲ့သူတွေဆီကနေ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး ငွေကြေးကောက်ခံတာတွေရှိတယ်လို့ ကိုယ်တိုင် ပတ်စ်ပို့ သက်တမ်းတိုးခဲ့သူ တယောက်က ပြောပါတယ်။
“ပိုက်ဆံကိုပဲ အဓိကထားပြီး တောင်းနေတာ။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း ပါမလာရင် ၃ သောင်း ပေးရတယ်၊၊ စာအုပ်အဟောင်း သက်တမ်းတိုးတာတောင် ပုံမှန် ၃ သောင်းခွဲ ပေးရတာကို ၆ သောင်းလောက်ထိ တောင်းနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပဲခူးမြို့က နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး တန်းစီစနစ်ကနေ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြောင်းလဲတော့မှာဖြစ်တာကြောင့် အရင်က ဘွတ်ကင်ယူထားတဲ့သူတွေကို ပယ်ဖျက်လိုက်တာတွေ ရှိတယ်လို့ ပဲခူးမြို့ခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“၉ လပိုင်းကတည်းက တင်ထားတာ။ သောကြာနေ့က ရက်ချိန်းပြည့်လို့ သွားတော့ ပယ်ဖျက်ခံလိုက်ရတယ်။ QR နဲ့ ပြန်တင်ပါပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီလို့ ကြေညာပြီးတဲ့နောက် ပြည်ပကို ထွက်ခွာ အလုပ်လုပ်ကိုင်ဖို့ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေ များလာတာ ဖြစ်ပါတယ်။