အာဆင်နယ်အသင်းဟာ ပြက္ခဒိန်တနှစ်တာ အစောပိုင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး အသင်းအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ၄ ဂိုး သွင်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ သွင်းဂိုး ၂၅ ဂိုးအထိရှိခဲ့တာပါ။
ဒီသွင်းဂိုးအရေအတွက်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် နှစ်သစ်အစ ပွဲစဉ် ၆ ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဒါ့အပြင်နှစ် သစ်အစမှာ ကစားခဲ့သမျှ ၆ ပွဲစလုံးအနိုင်ရခဲ့ပြီး သမိုင်းတလျှောက် ၆ သင်းမြောက် ပရီးမီးယားလိဂ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဲဒီ ၆ သင်းထဲမှာ ၃ သင်းက ရာသီကုန်ဆုံးချိန်မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းသမိုင်းမှာလည်း ပထမဆုံးအကြိမ် နှစ်သစ်အစပိုင်း လိဂ်ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရခဲ့တာပါ။
ဆာကာအတွက်လည်း သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ် ၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလိပ် ကစားသမားတဦးအနေနဲ့ ၅ ပွဲ ဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters