တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ၊ မေတ္တာနယ်မြေရဲစခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။
မေတ္တာနယ်မြေရဲစခန်းကို (KNLA) ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းမှာ စတင်ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်နေ့မနက်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ စစ်မြေပြင်မှာ ပါဝင်တဲ့ ကရင်တပ်မှူးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါရဲစခန်းကနေ စစ်လက်နက်တွေလည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
မေတ္တာနယ်မြေရဲစခန်းဟာ ရဲစခန်းဆိုပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခိုလှုံစခန်းချနေတဲ့ စခန်းဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
မေတ္တာနယ်မြေရဲစခန်း သိမ်းဆည်းခံရပြီးနောက်ပိုင်း ကျန်တဲ့ စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က တပ်မှူးက ပြောပါတယ်။