တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားအနေနဲ့ ပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်ရယူထားတဲ့ ပွဲစားတွေကို ငွေပြန်လည်ရလိုမှုနဲ့ အလုပ်သမားတွေက တရားစွဲဆိုတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုယ်တိုင်ငွေလိမ်ခံထားရသူတယောက်က “အသိထဲကတချို့ ရဲစခန်းမှာ အမှုဖွင့်တိုင်တော့ ငွေယူထားတဲ့သူတွေက ညှိတယ်လို့ပြောတယ်။ ငွေတော့ အပြည့်ပြန်မရကြဘူး။ အဲဒီသတင်းကြားတော့ ကိုယ်တွေလည်း ငွေပြန်တောင်းဖို့လုပ်နေတာ။ မရရင် သူတို့လိုပဲ အမှုဖွင့်ရမယ်” လို့ ပြောပါတယ်။
ငွေလိမ်လည်သူတွေဟာ တောင်ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သားခေါ်နေပြီဖြစ်ကြောင်းနဲ့ အမြန်ဆုံး သွားရမယ်ဆိုပြီး စည်းရုံးနေတာပါ။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီကဦးဆောင်ပြီး အလုပ်သမားပို့မှာဖြစ်လို့ စိတ်ချ၊ ယုံကြည်ဖို့ကိုလည်း ပြောဆိုလေ့ရှိကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဆိုပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားနိုင်က ဒီနှစ်မှာ ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံစာရင်း ထုတ်ပြန်ရာမှာ မြန်မာမပါတဲ့နောက် အလုပ်သမားတွေအနေနဲ့ သံသယဖြစ်လာပြီး ငွေပြန်တောင်းတာတွေ ရှိလာတာလို့ သူတို့က ဆိုပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “ပထမတော့ ပြန်မပေးနိုင်ဘူးဆိုပြီး ခပ်မာမာပြောတယ်။ ရဲစခန်းတိုင်လိုက်တော့မှ လေသံပြောင်းပြီး စျေးညှိတယ်။ ပြန်တော့ရတယ်၊ အပြည့်မရဘူး” လို့ ပြောပါတယ်။
အဲဒီလို ရာသီချိန်လုပ်သားပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်တောင်းယူထားတာတွေဟာ နေရာအနှံ့ ဖြစ်နေပြီး အနည်းဆုံး လုပ်သားသောင်းနဲ့ချီ လိမ်လည်ခံထားရတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ငွေလိမ်လည်သူတွေက အလုပ်သမားတွေကို ရက်တို ကိုရီးယားဘာသာ သင်တန်းပေးပြီး လက်တွေ့ ကမ့်ဝင်ခိုင်းကာ အလုပ်ခေါ်ချိန်စောင့်ခိုင်းတာမျိုး လုပ်နေတာ ဖြစ်ပါတယ်။
ကမ့်ပေးတဲ့သင်တန်းကို နေပြည်တော်က ကြံခိုင်ရေးပါတီရုံး၊ ရန်ကုန်မြို့က မှော်ဘီညောင်နှစ်ပင်နဲ့ ရွှေပေါက္ကံတို့မှာ ဖွင့်လှစ်ထားပါတယ်။
အဲဒီလို ရာသီချိန်လုပ်သားပို့ပေးမယ်ဆိုပြီး ဦးဆောင်လုပ်ကိုင်နေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ကုမ္ပဏီဖွင့် လူစုနေတဲ့ ပွဲစားတွေဟာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်ဆောင်နေတာဖြစ်လို့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
အဲဒီ ဥပဒေပုဒ်မ ၂၆ အရ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။