မြန်မာ - တရုတ်နယ်စပ် ရွှေလီဘက်မှာ နေထိုင်ခွင့်သက်တမ်း လွန်သူတွေနဲ့ ဆေး မအောင်သူ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က ဒီရက်ပိုင်း စစ်ဆေးဖမ်းဆီးနေတယ်လို့ တရုတ်နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
ရွှေလီမှာနေထိုင်တဲ့ အမျိုးသမီးတယောက်က “ဖမ်းနေတယ်။ ကျယ်ဂေါင် ဘက်ပါ ဖမ်းနေတယ်။ အဲဒါက နေထိုင်ခွင့်သက်တမ်း လွန်နေတဲ့သူတွေကိုပါ။ စာအုပ်တွေ၊ ကဒ်တွေ သက်တမ်း မလွန်ရင်တော့ ဘာမှ မဖြစ်ပါဘူး” လို့ ပြောပါတယ်။
တရုတ်ဘက် ဝင်ရောက်ပြီး ၂၄ နာရီအတွင်း ကိုယ်ငှားနေတဲ့ အိမ်ရှင် ဒါမှမဟုတ် အလုပ်ရှင်ရဲ့ ထောက်ခံချက်ရယူပြီး ဧည့်စာရင်းတိုင် QR Code လျှောက်ယူဖို့၊ ယာယီ နယ်စပ်ဖြတ်သန်းခွင့် တပတ်ခံကဒ် ကိုင်ဆောင်သူတွေအနေနဲ့ ၇ ရက် သက်တမ်းကုန်တာနဲ့ တရုတ်ဘက်ကနေ အမြန်ဆုံး ထွက်ခွာဖို့ တရုတ်ဘက်က အသိပေးစာပေးပို့ထားတယ်လို့ မူဆယ်ခရိုင် တာဝန်ရှိသူတယောက်ဆီက သိရပါတယ်။
နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးသူတွေကို ဖမ်းဆီးစစ်ဆေးပြီးရင် အမှုပေါ်မူတည်ပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ပြီးနောက် ၁ နှစ် ကနေ ၅ နှစ် အထိ တရုတ်ပြည်ဝင်ခွင့် ပိတ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေလီရောက် မြန်မာနိုင်ငံသားတယောက်က “နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးပြီးတဲ့ သူတွေအားလုံး အကျုံးဝင်တယ်။ မြန်မာဘက် ပြန်ထွက်ပြီး နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ အသစ်လုပ်ပြီးမှ ပြန်ဝင်ရောက်ဖို့ ပြောတယ်။ လက်ရှိ မူဆယ်မှာက စာအုပ်က ထုတ်မပေးဘူးဆိုတော့ မြန်မာလုပ်သားတွေ အဆင်ပြေအောင် နှစ်ဖက်တာဝန်ရှိ လူကြီးတွေ ညှိနှိုင်းပေးစေချင်ပါတယ်။ QR Code ကတော့ ဧည့်စာရင်းတိုင်တာ။ နေထိုင်ခွင့်မရှိဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက် ဧည့်စာရင်းတိုင် QR Code လျှောက်တဲ့ နေရာမှာလည်း အဖမ်းအဆီးများနေတယ်လို့ မြန်မာ အမျိုးသမီးတယောက်က ပြောပါတယ်။
“စာအုပ် ရက်ကျော်တွေကို ဝင်စစ်နေပါပြီ။ အခုအချိန် QR Code လုပ်တဲ့နေရာမှာ အဖမ်းအဆီး များနေတယ်။ ဆေးမအောင်လို့ အဖမ်းခံနေရတာများတယ်။ ယောကျာ်လေး အများစု ဆေးစစ်ပြီး ဆီးမအောင်လို့ အဖမ်းခံရတာ များပါတယ်။ အဆင်မပြေလို့ လာလုပ်စားရတာ အပြစ်ရှာပြီး မြန်မာဘက် ပြန်ပို့တယ်။ မူဆယ်ကနေ တရုတ်ဘက် တက်မလာရင် ပိုကောင်းမယ်။ ဖမ်းရင်ကြာချိန် အတိအကျ မသိရပါဘူး” လို့ ပြေေပါတယ်။
ယာယီနယ်စပ် ဖြတ်ကျော်ခွင့် တပတ်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား အများစုဟာလည်း တရားဝင် အလုပ်လုပ်ခွင့် မရှိပေမယ့် တရုတ်ဘက်ဝင်ပြီးရင် ပြန်မထွက်လာဘဲ အလုပ်လုပ်ကိုင်နေကြသလို ဆေးမအောင်လို့ ပြန်ပို့ခံနေရသူတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံ တွေက ပြောပါတယ်။