Home
မြန်မာသတင်း
မိုင်းပွန်တွင် တိုက်ပွဲရပ်သွားသော်လည်း စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ကားများ ပိတ်မိနေ
DVB
·
February 24, 2024
block 2422024

ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုင်းပွန်မြို့နားမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)ပူးပေါင်းအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ မဟာမိတ်တပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး လမ်းတွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ကားတွေရာနဲ့ချီ ပိတ်မိနေပြီး အစားအသောက် ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ကစလို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာတော့ ပစ်ခတ်တာတွေမရှိတော့ပေမဲ့ စစ်တပ်မိသားဝင်တွေကိုပဲ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားလာခွင့်ပေးတယ်လို့ သိရပါတယ်။

ကုန်တင်ယာဉ်မောင်းတယောက်က “တိုက်ပွဲမရှိတဲ့အချိန် ကားတွေကို အမြန်လွှတ်ပေးရမှာဗျ။ အခုကျ ပိတ်ချင်တဲ့သူကို ပိတ်ထားပြီး သူတို့နဲ့ပတ်သက်တဲ့သူတွေကျ လွှတ်ပေးတယ်။ စစ်တပ်မိသားစုဝင်တွေ စီးလာတဲ့ အိမ်စီးကားလေးတွေနဲ့ ငွေပေးနိုင်တဲ့ ကားသေးလေးတွေကို လွှတ်ပေးတယ်။ ကားကြီးတွေ တစီးမှ လွှတ်မပေးဘူး” လို့ ပြောပါတယ်။

ပစ်ခတ်တာတွေ ရပ်နေပေမဲ့ စစ်ကောင်စီက လွိုင်လင်အထွက် မိုင်းပွန်တံတား၊ တောင်ကြီး ၄ မိုင်တိုးဂိတ်တို့ကို ပိတ်ထားတဲ့အတွက် ကုန်တင်ယာဉ်နဲ့ခရီးသွားကား ၁၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ် 

မိုင်းပွန်မြို့နဲ့ ဟိုပုံးမြို့ကြား၊ လွယ်ဝိုးတုတ်ကျေးရွာနားက စစ်ကောင်စီစခန်း ၁ ခုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် ဟိုပုံး-မိုင်းပွန်-လွိုင်လင် လမ်းကြောမှာ ကားတွေ ရာနဲ့ချီ ပိတ်မိခဲ့ပြီး အစားအသောက်ခက်ခဲနေကြသလို တချို့ကို မိုင်းပွန်မြို့က လူတွေက ဆိုင်ကယ်နဲ့ သွားပို့ကြပေမဲ့ ဝေးတဲ့နေရာတွေအထိတော့ မသွားနိုင်ကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံတယောက်ကလည်း အခြေအနေတွေ ပိုဆိုးလာမယ်လို့ ထင်ကြောင်းနဲ့ နမ့်စန်၊ ခိုလမ်ဘက်က စစ်ကောင်စီတပ်တွေ စစ်ကူလာနေတယ်လို့ သိရကြောင်း ပြောပါတယ်။

မိုင်းပွန်မြို့မှာလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီး ဖုန်းအားသွင်းဖို့တောင် အခက်အခဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013