ဆီဆိုင်မြို့နယ်ထဲက စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေဟာ အအေးဒဏ်မခံနိုင်တာ၊ ရာသီတုပ်ကွေးဖြစ်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေကြောင့် သေဆုံးနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းနဲ့ မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေမှာ သေဆုံးကြတာဖြစ်ပြီး စစ်ရှောင်ရတဲ့အချိန်ကနေ အခု ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်အထိ သက်ကြီးပိုင်းအဘိုးအဘွား ၁၀ ယောက်လောက် သေဆုံးခဲ့ပြီလို့ စစ်ရှောင်တွေဆီက သိရပါတယ်။
စစ်ရှောင်နေရတဲ့ကာလအတွင်း နေစရာအခက်အခဲရှိတဲ့အတွက် မြေကြီးပေါ်အိပ်စက်ရတာ၊ အနွေးထည်၊ စောင်နဲ့ အမိုးအကာပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါးတွေမပါတာကြောင့် ရာသီတုပ်ကွေးဖြစ်ကြသလို တချို့လေဖြတ်တာ၊ လေဖြန်းတာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
လွယ်ထွယ်ကျေးရွာနေ အမျိုးသမီးတယောက်က “ကျမတို့ရွာမှာက အသက် ၇၀ ကျော် အဘွားတယောက်ဆို တနေရာပြီးတနေရာ စစ်ရှောင်ရတယ်လေ။ စောင်ကလည်း ပါးတော့ ညဘက်တွေအေးတာ။ မနက်မနက်ဆိုလည်း နှင်းရည်တွေကျတော့ သူ လေဖြတ်သွားတယ်။ မြေကြီးပေါ်အိပ်ရတယ်လေ။ အဲဒါနဲ့မကြာဘူး၊ သေသွားတယ်။ တချို့လည်း လေဖြန်းလို့ စကားမပြောနိုင်တာ၊ ခန္ဓာကိုယ်တခြမ်း မလှုပ်နိုင်တာတွေဖြစ်တာလည်းရှိတယ်” လို့ ပြောပါတယ်။
သက်ကြီးပိုင်းတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးကင်းစ လသားအရွယ်ကလေးငယ်တွေနဲ့ မွေးရာပါ ရောဂါပါရှိတဲ့ကလေးငယ်တွေအတွက်လည်း ဆေးရုံရက်ချိန်းမသွားနိုင်တဲ့အတွက် ကျန်းမာရေးပိုင်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်နေအမျိုးသမီးတယောက်ကလည်း “အဒေါ်ကို တပတ်တခါ ဆေးခန်းပြရတယ်။ ဆီဆိုင်မှာ ရုတ်တရက်ကြီးပြေးရတော့ စစ်ရှောင်စခန်းကိုရောက်သွားတာ။ မြို့နဲ့ဝေးတော့ ဆေးခန်းလည်းမသွားနိုင်ဘူး။ ဆေးလည်း မဝယ်တတ်ဘူး။ အခြေအနေ အရမ်းကြီး ဆိုးလာတော့ သူများကို အကူအညီတောင်းပြီး စဝ်စံထွန်းပို့တာ၊ ပို့တဲ့ညမှာပဲ သေသွားတယ်” လို့ ပြောပါတယ်။
လက်ရှိ ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူ ၁ သိန်းကျော် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေရပါတယ်။