ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အရှေ့ဘက် ၄ မိုင်အကွာက လွယ်ထွယ်ကျေးရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက် မနေ့က လေယာဉ်နဲ့ဗုံးထပ်လာကြဲတာကြောင့် ကျေးရွာနေပြည်သူတွေ ဒုတိယအကြိမ်ထပ်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်က PNA တပ်နဲ့ PNLA တပ်တွေ လွယ်ထွယ်ကျေးရွာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လွယ်တဖြီးတောင်ခြေနားကို ဗုံး ၅ ကြိမ်ထက်မနည်း ကြဲချခဲ့လို့ လွယ်ထွယ်နဲ့ လွယ်ဆောင်ရွာသား ၃,၀၀၀ လောက် ထွက်ပြေးခဲ့ကြရပါတယ်။
လွယ်ထွယ်ရွာခံအမျိုးသမီးတယောက်က “ရွာမှာ စစ်ရှောင်ရင်းနဲ့ အဖွားတစ်ယောက်ဆုံးတော့ အသုဘလုပ်တာ။ လူစုသလိုဖြစ်သွားတာထင်တယ်။ အသုဘ ပွဲလုပ်နေတဲ့အချိန်မှာပဲ လေယာဉ်နဲ့ လာကြဲသွားတယ်။ ရွာသူကြီးကလည်း ရွာမှာမနေဖို့ ရွာသားတွေကိုပြောထားတယ်။ အခုပဲ ကားတွေနဲ့ပြန်ထွက်နေကြပြီ” လို့ ပြောပါတယ်။
လေယာဉ်နဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာဖြစ်ပြီး လွယ်ထွယ်ကျေးရွာအဝင်ဆိုင်းဘုတ်နားက လမ်းမကြီးမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လွယ်ထွယ်ရွာသားတယောက်ကလည်း “အခုမှ တိုက်ပွဲတွေ ရွာဘက်မှာ နည်းနည်းငြိမ်လို့ ရွာသားတွေပြန်လာကြတာ။ အခုက တခေါက်ထပ်ပြေးနေရတယ်။ ခြံထဲကနေ ကမန်းကတန်း ပြန်လာပြီးပြေးတဲ့လူလည်းရှိတယ်။ တောင်ကြီး၊ ဟိုပုံးကို သွားနေကြတာ။ ရွာမှာလည်း သူများပေးမနေတော့ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်ထဲမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအားလုံး ပြတ်တောက်နေပြီး ဆီဆိုင်မြို့ထဲမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း လွယ်ထွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီး ၂ လုံး ထိမှန်တဲ့အတွက် ပြိုကျပျက်စီးခဲ့းပါတယ်။