မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း- မန္တလေးလမ်း၊ ရတနာပုံတံတား (ဧရာဝတီ တံတား)အဆင်းမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်က ယာဉ် ၄ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဧရာဝတီ တံတားအဆင်းက နှာပေါက်တိုးဂိတ်အနီးမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈နာရီ ၄၅ မိနစ်လောက် ယာဉ် ၄ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဖုန်းသတင်းရလို့ သွားရောက်ကူညီခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ဝင်တဦးက ပြောပါတယ်။
"CANDA ယာဉ်နောက်လိုက်က ရှေ့ခေါင်းခန်းမှာ ညှပ်နေတော့ ကျနော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေ သုံးပြီးတော့ ကယ်ထုတ်ခဲ့တယ်။ သေဆုံးတာတော့ မရှိဘူး။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ။"
အဲ့ဒီယာဉ်တိုက်မှုမှာ ၆ ဘီးယာဉ်က ဘရိတ်ပေါက်ကာ ဝင်ရောက်တိုက်မိတာဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မရှိခဲ့ပေမဲ့ ၆ ဘီးကားပေါ်မှ ယာဉ်နောက်လိုက် အမျိုးသားတဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။