လက်နက်နဲ့ အလင်းဝင်လာမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစလို့ ဖိတ်ခေါ်ပြီး ဆုကြေးငွေချီးမြှင့်မယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ အုတ်ဖိုရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
လက်နက်နဲ့ အလင်းဝင်လာမဲ့သူတွေကို လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေ ချီးမြှင့်မှာဖြစ်ပြီးတော့ MA 1 တလက်ကို သိန်း ၈၀၊ MA 3 တလက်ကို သိန်း ၁၀၀၊ AK 47 တလက်ကို သိန်း ၁၁၀၊ G3 တလက်ကို သိန်း ၁၀၀၊ စက်လက် တလက်ကို သိန်း ၁၄၀နဲ့ ပစ္စတိုတလက်ကို သိန်း ၃၀ ကျပ် ပေးမယ်လို့ သိရပါတယ်။
တပ်ခွဲမှူး ဒေဝက “ကျနော်တို့က ဒီကိစ္စကိုဆွေးနွေးနေတာတော့ကြာပါပြီ။ အခုမှ အဖွဲ့က တာဝန်ရှိသူတွေနဲ့ သဘောတူညီချက်ရတာပါ။ အင်အားယိုင်နဲ့နေတဲ့ မြို့နယ်တွင်းက စစ်ကောင်စီရဲ့ တပ်သားတွေကို ဖိတ်ခေါ်တာလည်း ဖြစ်သလို ကျနော်တို့တပ်ခွဲရဲ့ လက်နက်လိုအပ်ချက်လည်း ဖြစ်တဲ့အတွက် တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ အခုလို ကြေညာရတာပါ” လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေအပြင် သူတို့ရဲ့မိသားစုဝင်တွေကိုပါ လိုအပ်သလို ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တပ်ခွဲမှူးက “ကြိုတင် စီမံပေးရမယ့်အရာတွေကိုလည်း သူတို့မိသားစုလိုက် အန္တရာယ်ကင်းအောင် စီစဉ်ထားပါတယ်။ သူတို့ဘက်က ကြိုပြောထားရင် ပိုအဆင်ပြေမှာပါ။ ကျနော်တို့ဘက်က သူတို့ မိသားစုတွေ သွားချင်ရာကို လုံလုံခြုံခြုံနဲ့ ရောက်အောင်ပို့ပေးမှာပါ။ မသွားချင်ရင်လည်း အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ပေးထားမှာပါ” လို့ ပြောပါတယ်။
အရင်ကလည်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ဆီကို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က အလင်းဝင်ဖို့အတွက် တဆင့်ခံချိတ်ဆက်လာသူတွေ ရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်လာသူမရှိသေးတာကြောင့် အခုအချိန်မှာ ရဲရဲဝင့်ဝင့် လာရောက်ပြီး တိုက်ရိုက်ချိတ်ဆက်စေချင်တယ်လို့လည်း တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။