စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမရွာ၊ ဘုတလင်မြို့နယ်က ရွာမွန်ရွာနဲ့ ကူတော်ရွာကို စစ်ကောင်စီက အကြောင်းမဲ့မီးရှို့ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို ဖေဖော်ဝါရီ ၂၃ ရက် မနေ့ ညနေ ၅ နာရီကျော်မှာ စတင်မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ကံထူးမရွာကလူတွေကတော့ တိုက်ပွဲမဖြစ်ခင် ၂၀ ရက် နေ့ကတည်းက စစ်ရှောင်နေကြရတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကျတော့ တိုက်ပွဲစဖြစ်တယ်။ အဲလိုတိုက်ပွဲဖြစ်ပြီး ရေဦးကနေ စထိုးလာတဲ့ ခွေးဘီလူးစစ်ကြောင်းလို့ လူသိများတဲ့ စစ်ကြောင်းက ကံထူးမရွာထဲကို ၂၃ ရက်နေ့ စစ်ကူရောက်လာပြီး ညနေပိုင်းမှာ ကျနော်တို့ရွာ စမီးရှို့တယ်ဗျ။ အခုထိတော့ ရွာထဲကမထွက်ကြသေးဘူး” လို့ ပြောပါတယ်။
ကံထူးမရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ကံထူးမ ကျေးရွာက ပြည်သူတွေ အပါအဝင် အနီးပတ်ဝန်းကျင်က ကျေးရွာ ၁၈ ရွာက ပြည်သူ ၆,၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ နေကြရလို့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှိုဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မွန်းလွဲပိုင်းမှာ ကြံသာရွာဘက်ကနေ အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ အောင်သာယာရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
တင်သားရွာ ဒေသခံတယောက်က “အောင်သာယာရွာမီးရှို့တာကိုတော့ ရွာကနေ လှမ်းမြင်ရတယ်။ အောင်သာယာရွာကလူတွေ ရွာမှာမနေကြတာကြာပြီ။ သူတို့ပျူစောထီး ကြံသာရွာနဲ့ နီးလို့ ရွာမှာမနေကြတာ။ အခုက ရွာက နေအိမ်တွေကိုမီးရှို့သွားတာ” လို့ ပြောပါတယ်။
ကလေး-ဂန့်ဂေါကားလမ်းမပေါ်က အောင်သာယာရွာ(ယခင်ပြည်ခိုင်ဖြိုးရွာ)မှာ အိမ်ခြေ ၁၅၀ လောက်၊ လူဦးရေ ၄၀၀ လောက်ရှိတယ်လို့ သိရပြီး နေအိမ်ဘယ်လောက်မီးရှို့ခံထားရတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
ဒါ့အပြင် ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါမြောက်ပိုင်း မြောက်ခင်ရန်းရွာအုပ်စုက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ တင်သားကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဲ့ဒီ အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိမှာ မှန်တောကျေးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှာကို စိုးရိမ်ပြီး တင်သားရွာကဒေသခံတွေဟာလည်း ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ တင်သားရွာခံတွေက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ရွာမွန်ရွာနဲ့ ကူတော်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာ အကြောင်းမဲ့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကူတော်ရွာ နယ်မြေခံရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရှို့တာလို့ ရွာမွန်ရွာဒေသခံတယောက်က ပြောပါတယ်။
“ဘယ်တိုက်ပွဲမှ မရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာကိုမီးရှို့သွားခဲ့ကြတာဗျာ။ အနိုင်ကျင့်ရလို့ကို ဒီလိုလုပ်တာ။ မီးလောင်တာက လူနေအိမ် ၈၀ ကျော် မီးလောင်တယ်။ ဆုံးရှုံးမှုကတော့ အကိုရာ အတော်များတယ်လို့ ပြောရမယ်။ လယ်ယာသုံးစက်ကိရိယာတွေ အပါအဝင် ကောက်ပဲသီနှံတွေပါ မီးလောင်တာဗျ။ ကျနော်တို့ရွာကို မီးရှို့ပြီး ကူတော်ရွာထဲပြန်ဝင်တော့ အဲဒီရွာက သူတို့ရဲစခန်းအနီးက ပြည်သူနေအိမ်တွေကိုပါ ထပ်မီးရှို့ကြသေးတယ်။ သူတို့တပ်ဆွဲထားတဲ့ရွာဆိုတော့ မီးလောင်တဲ့ နေအိမ်အလုံး အရေအတွက်အတိကျမသိရဘူး” လို့ ပြောပါတယ်။
ရွာမွန်ရွာဟာ စစ်ကောင်စီအထိုင်ချထားတဲ့ ကူတော်ရွာနဲ့ ၁ မိုင်လောက်ပဲဝေးပြီး အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်တယ်လို့ သိရပါတယ်။
အခု ဖေဖော်ဝါရီလအတွင်း ဘုတလင်မြို့နယ်က ဇီးတောရွာ၊ မြို့ပေါ်ရွာ၊ ကွမ်းခြံရွာ၊ ရွာမွန်ရွာနဲ့ ကူတော်ရွာ စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ နေထိုင်စရာမရှိဘဲ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။