ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁ ယောက် သေဆုံးပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်မှာလည်း ရွှေသံလွင်ကုမ္ပဏီရဲ့အင်ဂျင်နီယာ ၁ ယောက် ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းက ပစ်သတ်ခံခဲ့ရပါတယ်။
ရွှေသံလွင်ကုမ္ပဏီရဲ့အင်ဂျင်နီယာ အသက် ၃၂ အရွယ် ကိုစိုးထွန်းနိုင်ကို ဒီနေ့ မနက် ၉ နာရီလောက်က ပေါင်မြို့ဘက်ကိုဆိုင်ကယ်နဲ့အသွား သထုံမြို့နယ်၊ ကော့သန်ကျေးရွာ၊ ရွှေသံလွင်တိုးတိုးဂိတ်အနီးမှာ အမည်မသိသေနတ်သမား ၂ ယောက်က ပစ်သတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရလို့ ကိုစိုးထွန်းနိုင်ရဲ့ ခေါင်း၊ ဝမ်းဗိုက်နဲ့ လက်မောင်းတို့မှာ ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သထုံမြို့ခံတယောက်က “ပေါင်ဘက်ကိုသွားတဲ့အချိန် ရန်ကုန်-မော်လမြိုင်ကာလမ်းပေါ်မှာပဲ ပစ်သတ်ခံလိုက်ရတာ။ လူ ၂ ယောက်ဆိုင်ကယ်နဲ့ ပစ်သတ်သွားတာပဲ။ ဘာဖြစ်လို့ ပစ်သွားတာလဲ ဆိုတာတော့ သေချာမသိဘူး။ သူက ရွှေသံလွင်ကုမ္ပဏီရဲ့အင်ဂျင်နီယာ၊ သထုံလိပ်အင်းမှာပဲနေတာ။ အခု တိုးဂိတ်နားမှာ စစ်သားတွေရောက်ပြီး စစ်နေလို့ သွားမကြည့်တော့တာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေလာရောက်ခဲ့ပြီး သေဆုံးသွားတဲ့ ကိုစိုးထွန်းနိုင်အလောင်းကို ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက သထုံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပစ်သတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မထုတ်ပြန်သေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုန်ရွာအနောက်ဘက် ထန်းပင်ကွင်းနေရာမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၁၁ နာရီခွဲအချိန်က စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်ခံရပြီး သေဆုံး ထိခိုက်တာတွေရှိတယ်လို့ ကာကွယ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အင်အား ၂၆ ယောက်လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF ၃၆၀၁ တပ်ရင်း စနိုက်ပါအဖွဲ့နဲ့ တပ်ခွဲ ၁ တို့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ပေါင်းတည် PPDF တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကြောင်းဟာ လက်ပံခုန်ရွာထိပ်က အိမ် ၆ လုံးလောက်နဲ့ တဲတိုက် အလုံး ၂၀ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း ရှေ့တန်းရောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဆီက သိရပါတယ်။