ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုနေ့မှာ မော်စကိုရဲ့ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်မှု စတင်ခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ ဟော့စ်တိုမလ် လေယာဉ်ကွင်းကနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
စာကြောင်းတကြောင်းတည်းနဲ့ ပြောရရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီနေရာမှာ ရန်သူ့တပ်သားတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အခု ၂ နှစ်လောက်ကြာတော့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီမှာပြန်ဆုံရတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်းက လုပ်ဆောင်ခဲ့တဲ့ ယူကရိန်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ပြည်သူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
သမ္မတ ဇီလန်းစကီးက “ရိုးရိုးသာမန်လူတိုင်းက စစ်ပွဲကို ပြီးစေချင်ပေမဲ့ ယူကရိန်းကို အဆုံးသတ်ဖို့ ဘယ်သူမှ ခွင့်မပြုပါဘူး။ ဒါကြောင့် စစ်ပွဲ အဆုံးသတ် ဆိုတဲ့ စကားလုံးကို ကျွန်ုပ်တို့ရဲ့ အသုံးအနှုန်းတွေမှာ အမြဲထည့်သွင်းထားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးဟာ တရားမျှတမှုနဲ့ အမြဲသက်ဆိုင်ပါတယ်။ ဒါကြောင့် အနာဂတ်သမိုင်းမှာ ယူကရိန်း ဆိုတဲ့ စကားလုံးဟာ လွတ်လပ်သောဆိုတဲ့ စကားလုံးနဲ့ အမြဲအတူရှိနေမှာ ဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်တယ်”လို့ ပြောပါတယ်။
စစ်ပွဲရက်ပေါင်း ၇၃၀ ကို ကျော်ဖြတ်လာခဲ့ပြီဖြစ်ပြီး ကျနော်တို့ ဘဝရဲ့ အကောင်းဆုံးနေ့တွေမှာ နိုင်ပွဲတွေရကြလိမ့်မယ်လို့လည်း ပြောသွားပါတယ်။
ဇီလန်စကီးဟာ သူ့ရဲ့လူမှုမီဒီယာအကောင့်မှာ ကိုယ်တိုင်ရိုက်ဗီဒီယို တင်ထားတာဖြစ်ပြီး အဲဒီထဲမှာ လေယာဉ်ပျက်တွေနဲ့ ဖျက်ဆီးခံရတဲ့ လေကြောင်းဆိုင်ရာပစ္စည်းတွေ ပြန့်ကြဲနေပုံတွေကို တွေ့မြင်ရပါတယ်။
Source/Photo-Reuters