အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားဖို သဘောတူခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ဟာ NUG မဟာမိတ်ဆက်ဆံရေး ကော်မတီအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က အွန်လိုင်းကနေဆွေးနွေးခဲ့တာပါ။
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်တွေ အပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေးစတဲ့ ကဏ္ဍအားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့တာပါ။
ဒါ့အပြင် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မဟာမိတ်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားကြဖို့ သဘောတူညီကြတယ်လို့ နှစ်ဖက် အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကား ကတော့ ဒီတွေ့ဆုံမှုကနေ နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်မယ့် ရှေ့လုပ်ငန်းစဉ် တွေအထိ မဟာမိတ်အဖြစ် ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ဟာ စစ်ကောင်စီကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာထားပါတယ်။
ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NUG နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) တို့ရဲ့ ပူးပေါင်းမှုဟာ ကြိုဆိုထိုက်တဲ့ကိစ္စတခုဖြစ်သလို မွန်ပြည်နယ်မှာ တော်လှန်ရေးအတွက် သစ်လွင်တဲ့လှုပ်ရှားမှုတွေ တွေ့လာနိုင်တယ်လို့ သုံးသပ်ပါတယ်။