ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာမှာ လူငယ်တွေကို PNAတပ်က ရွာသူကြီး အာမခံနဲ့ စစ်သင်တန်းတက်ခိုင်းပြီး ဖေဖော်ဝါရီ ၁၈ ရက်က ရှေ့တန်းကို လိမ်လည်ပို့ထားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်လောက်ကစပြီး စစ်သင်တန်းကို ကျေးရွာတွင်းလုံခြုံရေးအတွက်ဆိုကာ ဇလဲကျေးရွာက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့လူငယ်တွေကို ရွာသူကြီးက အာမခံချက်ပေးပြီး တက်ရောက်ခိုင်းတာ ဖြစ်ပါတယ်။
ဇလဲရွာနေ အမျိုးသားတဦးက “ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ရွာသူကြီးက အာမခံပေးတာ၊ သူတက်ခိုင်းတာ၊ အဲ့တာတက်ပြီးတော့ စစ်သင်တန်းတက်ပြီးရင် ဘယ်နေရာမှမသွားရဘူးလို့ သူပြောတာ၊ အာမခံတယ်ဆိုပြီး အခုကျတော့ လေ့ကျင်းရင်းနဲ့လူငယ် ၂၀ လောက်ကို တိုက်ပွဲဖြစ်နေတဲ့ ဆီဆိုင်မြို့ကိုပို့ထားတယ်” လို့ ပြောပါတယ်။
စစ်သင်တန်းကိုတော့ ဇလဲကျေးရွာထဲမှာရှိတဲ့ PNA ကျွမ်းကျင်တပ်သားကပဲ ရွာတွင်းမှာပဲ သင်ကြားပေးပြီး သေနတ်ပစ်ခတ်နည်း၊ တိုက်ပွဲဝင်နည်းနဲ့ ပုန်းခိုရမယ့်ပုံစံတွေကို မြေပြင်မှာလက်တွေ့သင်ကြားပေးခဲ့ပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်၊ လက်အောက်ခံ PNA တပ်နဲ့ PNLA တပ်တွေက တလကြာတဲ့ အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။
PNAတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကျေးရွာတွင်းလူငယ်တွေကို တပ်ထဲဝင်ဖို့ အတင်းအဓမ္မစစ်သားစုဆောင်းနေပြီး စစ်ကောင်စီတပ်အတွက် အင်အားဖြည့်ပေးနေတာဖြစ်ပါတယ်။