မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတဦးကို စိတ်ကြွမူးယစ်ဆေးပြား အလုံး ၂၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ထုတ်ပြန်ပါတယ်။
ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာမှာရှိတဲ့ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၆ နာရီကျော်က ရန်ကုန်ဘက်ကနေ ကော့သောင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်မော်တော်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ မမော်မော်သန်းကို စိတ်ကြွဆေးပြား ၂၀,၀၀၀ နဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ကျိုက်ထိုမြို့ခံတဦးက “မရမ်းချောင်ဂိတ်မှာ ဖမ်းခံရတဲ့သူကို အဲ့ညတည်းက ရဲစခန်းကိုခေါ်ပြီး စစ်မေးပြီး အမှုဖွင့်လိုက်တာ။ မရမ်းချောင်ဂိတ်က အစစ်ဆေး အရမ်းကြမ်းတော့ တလကို မူးယစ်ဆေးဝါးသယ်တဲ့သူ သုံးလေးဦးလောက် မိတယ်။ ဒါပေမဲ့ သူတို့ လွှတ်ပေးထားတဲ့ သူတွေလည်း အများကြီးပဲ။ မူးယစ်ဆေးနဲ့ မှောင်ခိုပစ္စည်းကားတွေကို မရမ်းချောင်ဂိတ်ကို ပိုက်ဆံယူပြီး မောင်းဖြတ်ပေးကြတဲ့အဖွဲ့တွေဆိုပြီး သပ်သပ်ရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ ကျိုက်ထိုရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့ CCDAC မြန်မာက ထုတ်ပြန်ထားပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မီနီဘတ်စ်ကားပေါ်ကနေ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၅ သိန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။