မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဖြန့်ပြီး စစ်တပ်ထဲဝင်ဖို့ စည်းရုံးနေတယ်လို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့နယ် အမှတ် ၁ ဈေးကြီးရှေ့မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်သားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လက်ကမ်းစာစောင်တွေဝေပြီး စစ်မှုထမ်းဖို့ စည်းရုံးခဲ့တယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
“ဈေးကြီးသွားတဲ့အချိန် ထွေအုပ်ဝန်ထမ်း စာစောင်လာပေးပြီး စစ်မှုထမ်းတာ နိုင်ငံသားတယောက်ရဲ့တာဝန် ဖြစ်တာကြောင့် ကြားစကားတွေမယုံဘဲ နိုင်ငံအတွက် စစ်မှုထမ်းပါဆိုပြီး ပြောသွားတယ်။ စစ်သားတွေကော ဝန်ထမ်းတွေကော အင်အားတော်တော်များတယ်။ ဈေးလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် အစောင့်တွေလည်း ချထားတယ်။”
ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း ဘိုကုန်းရပ်၊ အထက်လမ်းမကြီး ပြည်နယ်လွှတ်တော်ရုံးနားမှာ ပြုလုပ်တဲ့ ထမနဲထိုးပွဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေက ဝါဒဖြန့်စာရွက်တွေ ကမ်းနေတယ်လို့ အနီးနားမှာ နေထိုင်သူတဦးက ပြောပါတယ်။
“လက်ကမ်းစာစောင် ခဏလေးထွက်ကမ်းပြီး ထမနဲထိုးပွဲထဲ ပြန်ဝင်သွားတယ်။ ထမနဲထိုးပွဲက ဝန်ထမ်းတွေလုပ်ကြတာလို့ ထင်တယ်။ အပြင်လူတွေ ပေးမဝင်ဘူး။ ရှေ့မှာ ကျောင်းလည်းရှိတော့ ကားလမ်း ဟိုဘက်ကော ဒီဘက်ပါ ရဲတွေစောင့်နေတယ်။”
ဝါဒဖြန့် လက်ကမ်းစာစောင်မှာ မဖြစ်မနေ စစ်မှုထမ်းရမယ့် အခြေအနေတွေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမယ့် အသက်အရွယ်၊ စစ်မှုထမ်းဖို့ ကာလ၊ စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရှိသူနဲ့ စစ်မှုထမ်းဥပဒေကြောင့် မစိုးရိမ်ဖို့ စတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။
စစ်ကောင်စီက မော်လမြိုင်မြို့ ရပ်ကွက်၊ ကျေးရွာတွေရဲ့ လူစည်ကားတဲ့ နေရာတွေမှာ စစ်မှုထမ်းတာနဲ့ပတ်သက်တဲ့ ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဆက်လက်ဖြန့်ဝေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။