Home
ဆောင်းပါး
အနှစ် တသောင်းကျော်အတွင်း အရိုင်းအစိုင်းဆုံး မကောင်းဆိုးဝါး‌သမိုင်းနဲ့ စစ်ဓားပြဂိုဏ်း
DVB
·
February 24, 2024
MinKaungChit_24022024

မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါ နိုင်ငံအတွင်း ကျောက်ခေတ်ဦးလူသားတွေ ပထမဆုံး အခြေချ နေထိုင်ခဲ့တဲ့ ကာလက စရေတွက်ခဲ့ရင် ဒီကနေ့ခေတ်အထိတိုင် နှစ်ပေါင်း ၁၃၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြတဲ့ သမိုင်းတင်ခေတ်ရဲ့ အစောဆုံးလူသားတွေထဲမှာ တိဗက်ဗမာ၊ မွန်ခမာ၊ ထိုင်းရှမ်း စတဲ့ လူမျိုးနွယ်အုပ်စုကြီး သုံးစုလည်း ပါဝင်ပါတယ်။

သုတေသန အထောက်အထားတွေအရ မြန်မာနိုင်ငံထဲမှာ ဘီစီ ၁၁၀၀၀ လောက်ကတည်းက ယဉ်ကျေးမှုများ တည်ရှိခဲ့ပါတယ်။ အစောပိုင်း အခြေချနေထိုင်မှု အမှတ်အသားများကတော့ အလယ်ပိုင်းခြောက်သွေ့ဇုန်မှာ တွေ့ရှိခဲ့ပြီး ကွက်တိကွက်ကြား အခြေချမှုတွေ ဧရာဝတီ မြစ်ကမ်းနဘေး အနီးအပါးဒေသတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဥရောပတိုက် ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လယ်နဲ့ အပြိုင်လို့ ယူဆရတဲ့အချိန်မှာ ဗမာ့ကျောက်ခေတ် အညာသီယံယဉ်ကျေးမှုဟာ တည်ရှိခဲ့ပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ ဝန်းကျင်ကတည်းက အပင်စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို စတင်ပြီး အခြေချနေထိုင်ခဲ့ကြတဲ့ ကျောက်ခေတ်သစ် သမိုင်းအထောက်အထားတွေနဲ့ ဂူနံရံ ပန်းချီလက်ရာတွေကို မြန်မာပြည်အလယ်ပိုင်း မန္တလေးကနေ ကားနဲ့သွားရင် ၃ နာရီကျော်နဲ့ ရောက်နိုင်တဲ့ ရှမ်းကုန်းပြင်မြင့် အစွန်အဖျား ရွာငံမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ပြဒါးလင်းဂူ၊ ကမ်းပါးနီဂူ၊ ကံပြင်ဂူ စတဲ့ ဂူသုံးဂူမှာ တွေ့နိုင်ပါတယ်။

ဗမာနိုင်ငံအတွင်း မြောက်ဘက်ပိုင်းက‌နေ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နဲ့ အောက်ပိုင်းထိ ပျံ့နံ့လာကြတဲ့ တိဘက်တို-ဗမာအနွယ်ဝင် ပျူ၊ သက်၊ ကမ်းယံ‌တွေ၊ တောင်ဘက်ပိုင်းမှာ မွန်ခမာတွေနဲ့ အရှေ့ဘက်ဒေသမှာ တိဘက်-တရုတ် အနွယ်ဖြစ်တဲ့ ထိုင်းရှမ်းလူမျိုးတွေဟာ အခြေချ နေထိုင်လာခဲ့ကြပါတယ်။ ပျူလူမျိုးတွေဟာ ဗမာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတလျေှာက်မှာ မြို့ရွာများ တည်ထောင်ကာ နေထိုင်ခဲ့ကြပါတယ်။ ၄ ရာစုနဲ့ ၅ ရာစုလောက်မှာ ပျူတွေ အထွတ်အထိပ် ရောက်ခဲ့ကြပြီး ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ စတဲ့ ပျူမြို့ပြနိုင်ငံတွေ တည်ထောင်ခဲ့ကြပါတယ်။

တကောင်းပြည်ကြီးဟာ ဘီစီ ၁၂၈ ခုနှစ်လောက်မှာ ဧရာဝတီမြစ်အထက်ပိုင်း အိန္ဒိယ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ပေါ်ထွန်းပါတယ်။ ပျူလူမျိုးတွေ တည်ထောင်ခဲ့တဲ့ ဟန်လင်းကြီးမြို့၊ ဗိဿနိုးမြို့၊ သရေခတ္တရာမြို့(ပြည်) စတဲ့ မြို့ပြနိုင်ငံတွေဟာ စပါးရေစာ ကြွယ်ဝရာမြေလို့ ပြောစမှတ်ပြုခဲ့တဲ့ ပျူယဉ်ကျေးမှု ထွန်းကားရာ ဗဟိုချက်တွေ ဖြစ်ခဲ့ပါတယ်။ ပျူတွေလိုပဲ မွန်လူမျိုးတွေကလည်း အောက်ဗမာနိုင်ငံနဲ့ မဲနန်မြစ်ဝှမ်းလွင်ပြင်မှာ သုဝဏ္ဏဘုမ္မိ ဘုရင်နိုင်ငံတော်ကို တည်ထောင်ခဲ့သလို ထိုင်းရှမ်းလူမျိုးတွေကလည်း ရှမ်းနိုင်ငံတော်ဖြစ်တဲ့ နန်ချောင်ကို ယူနန်နယ်မှာ တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ တခြား လူမျိုးနွယ်အုပ်စုတွေဖြစ်တဲ့ ကမ်းယံ၊ သက်၊ ရခိုင်(အာရကန်) လူမျိုးတွေဟာ ဗမာနိုင်ငံ အနောက်ခြမ်းမှာ တမ္ပဝတီ၊ ဝေသာလီ စတဲ့မြို့ပြနိုင်ငံတွေကို ထူထောင်ခဲ့ကြပြီး အခြေချ နေထိုင်နေကြပြီ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက သက်တမ်းအားဖြင့် နှစ်ပေါင်းသောင်းကျော် ကာလရှည်လျားခဲ့တဲ့ မြန်မာ့သမိုင်းတလျှောက်မှာ ခေါင်းဆောင်ကောင်း၊ အဖွဲ့အစည်းကောင်းတွေ၊ လူကောင်းသူကောင်း အရှင်သူမြတ်ကောင်းတွေ အမြောက်အမြား ပေါ်ထွန်းလာခဲ့ကြပြီး လူ့အသိုင်းအဝိုင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုးတက်ထွန်းကား အေးချမ်းသာယာဝပြောအောင် စောင့်ရှောက်ကြိုးပမ်းခဲ့ကြသလို လူ့ဘောင်အသိုင်းအဝိုင်းအပေါ် အကျိုးမဲ့အောင်ပြုခဲ့ကြ၊ ဆိုးယုတ်ရမ်းကားစွာ အနိုင်ကျင့် ဖျက်ဆီးရင်း ဒုက္ခဆင်းရဲတွေ ပေးအပ်ခဲ့ကြတဲ့ မကောင်းဆိုးဝါး လူပုဂ္ဂိုလ်တွေ၊ ယုတ်ညံ့ရိုင်းစိုင်းတဲ့ ခေါင်းဆောင်ဆိုးတွေလည်း ပေါ်ထွက်ခဲ့ရာမှာ လက်ရှိ အကြမ်းဖက် စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်နဲ့ နောက်လိုက်တအုပ်ဟာ အဆိုးဝါးဆုံးအဖွဲ့အဖြစ် သမိုင်းရေးထိုးနေကြတဲ့အကြောင်း ဖြစ်ပါတယ်။

ပထမဆုံး မကောင်းဆိုးဝါးခေါင်းဆောင်ဆိုးအဖြစ် သတ်မှတ်နိုင်တဲ့ လူပုဂ္ဂိုလ်ကတော့ မိုးညှင်းစလုံ (ခေါ်) မိုးညှင်းစော်ဘွား စဝ်လုံရဲ့ သားတော်ဖြစ်ပြီး အင်းဝနန်းကို အေဒီ ၁၅၂၇ ခုနှစ်ကနေ ၁၅၄၂ ခုနှစ်ထိ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ သိုဟန်ဘွားပဲ ဖြစ်ပါတယ်။ သူဟာ ရတနာသုံးပါးကို မရိုသေရုံမက စေတီပုထိုးတွေကိုလည်း ဘုရားမဟုတ် မြန်မာတွေ ဥစ္စာရွှေငွေထားရာ ဌာနများ ဖြစ်တယ်ဆိုပြီး ဖောက်ယူခဲ့ပါတယ်။ သံဃာတော်တွေလည်း သားမယားမရှိဘဲလျက် တပည့်တပန်းထားတယ်၊ ပုန်ကန်သောင်းကျန်းဖို့ အခြွေအရံ မွေးတယ်လို့ အကြောင်းပြကာ တောင်ဘီလူးလယ်ပြင်ထဲ မဏ္ဍပ်အဆောင်အယောင် ဆောက်လုပ်စေပြီး ကျွဲ နွား ဝက် ကြက် သတ်၊ ဆွမ်းလုပ်ကျွေးမယ့်ဟန်နဲ့ စစ်ကိုင်း၊ ပင်းယ၊ အင်းဝနဲ့ အနီးတဝိုက်က သံဃာတော်တွေကို ပင့်ပြီးတဲ့နောက် မဏ္ဍပ်တို့ကို ဆင်မြင်းဗိုလ်ပါဝန်းရံလို့ သတ်ဖြတ်ခဲ့ရာမှာ သံဃာအပါး ၃၆ဝ ကျော် သေခဲ့ရတယ်လို့ မှတ်တမ်းရှိပါတယ်။

ဗုဒ္ဓစာပေကျမ်းဂန်‌တွေကိုလည်း ယူပြီး မီးတိုက်လို့ သာသနာတော်ကို ဖျက်ဆီးရုံသာမက ပြည်သူလူထုတို့ကို ညှဉ်းပန်းလွန်းလှတာကြောင့် မြန်မာအမတ်တွေနဲ့တိုင်ပင်ပြီး မင်းကြီးရန်နောင်က ယိမ်းနွဲ့ပါးဓားနဲ့ ခန္ဓာကိုယ်ပြတ်အောင် ခုတ်ပိုင်းလုပ်ကြံခဲ့တာမို့ သိုဟန်ဘွား ခေါင်းဆောင်ယုတ်ဟာ ဘဝအဆုံးသတ်ခဲ့ပါတယ်။

မြန်မာ့သမိုင်းထဲမှာ နောက်ထပ် ခေါင်းဆောင်ဆိုးကို ဆွဲထုတ်ပြရရင် ငါးဆူဒါယကာမင်းဘွဲ့ ခံထားတဲ့ နန္ဒဘုရင် (၁၅၈၁-၁၅၉၉) ပဲ ဖြစ်ပါတယ်။ သူဟာ ဒုတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ ဘုရင့်နောင်ရဲ့ သားတော် အိမ်ရှေ့မင်း ဖြစ်ပါတယ်။ ဘုရင့်နောင် လွန်ပြီးတဲ့နောက် ဟံသာဝတီထီးနန်းကို စိုးမိုးအုပ်ချုပ်ရာမှာ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး မြန်မာ့သမိုင်းမှာ စစ်အတိုက်ဆုံးနဲ့ တိုက်တိုင်းရှုံးတဲ့ ဘုရင်ဆိုး ဘုရင်ညံ့တပါး ဖြစ်ပါတယ်။

နယ်မြေချဲ့ထွင်ဖို့၊ စစ်တိုက်ဖို့ လောဘဇောတိုက်ခဲ့ပြီး ယိုးဒယားနိုင်ငံကို အကြိမ်ကြိမ် စစ်တိုက်ခဲ့ရာမှာ သားတော် အိမ်ရှေ့မင်းသားကို သေစေရုံသာမက နောက်ကျန်တဲ့ သားတော် ၂ ပါးလည်း အသက်ဆုံးပါးခဲ့ရပါတယ်။ အငြိုးအာဃတ အမျက်ဒေါသ မောဟတွေ ကြီးပြီး တိုင်းပြည်ကိုထူထောင်ဖို့ ဉာဏ်ပညာချို့တဲ့တာမို့ တိုင်းသူပြည်သားတွေကို စစ်ပန်းစေခဲ့ပြီး ဆင်းရဲဒုက္ခ ရောက်‌စေခဲ့ရုံသာမက သူ့ခမည်းတော် ဘုရင့်နောင် တည်ခဲ့တဲ့ ၁၆ ရာစုမှာ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဟံသာဝတီ အင်ပါယာကြီး ပြိုကွဲပျက်သုဉ်းခဲ့ရပါတယ်။

အသိအမှတ်ပြုထားတဲ့ ဘာသာရေးကျမ်းဂန်တွေ မကိုက်ညီကြောင်း နည်းလမ်းမမှန်စွာ ဝေဖန်ခဲ့ခြင်း၊ ဘာသာရေးအဆောက်အအုံ အများအပြား ဖျက်ဆီးခဲ့ခြင်း၊ ဘာသာရေးပိုင်ဆိုင်မှု အများအပြားကို သိမ်းဆည်းခဲ့ခြင်း၊ စစ်တိုက်ရန် လူအင်အားစုနိုင်ဖို့ ဘုန်းကြီးတွေကို မဆင်မခြင် လူဝတ်လဲခိုင်းခြင်း၊ နိုင်ငံအတွင်း မွန်၊ မြန်မာ၊ ရှမ်း လူမျိုး‌တွေ နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုးရေးဖိနှိပ်မှု ကျူးလွန်ခဲ့ခြင်း စတဲ့အမှားတွေကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံမှ ရဟန်းရှင်၊ ပြည်သူတွေဟာ နန္ဒဘုရင်အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့ပြီး နောက်ဆုံးမှာတော့ နန္ဒဘုရင်ဟာ သူ့ညီမအရင်းက‌မွေးတဲ့ သူ့တူတော်သူ တောင်ငူစား နတ်သျှင်နောင်ရဲ့ အဆိပ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး နိဂုံးချုပ်ခဲ့ရပါတယ်။

နောက်ထပ် နိဂုံးမကောင်းတဲ့ ခေါင်းဆောင်ယုတ်တဦးကတော့ ပုဂံခေတ်နှောင်းပိုင်း (၁၂၅၆ ကနေ ၁‌‌၂၈၇) အတွင်း ပေါ်ထွန်းခဲ့တဲ့ တရုတ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့ပဲ ဖြစ်ပါတယ်။ သူဟာလည်း အရည်အချင်းညံ့ဖျင်းတဲ့အပြင် စဉ်းစားဉာဏ် အမြော်အမြင် အလွန်နည်းပါးတဲ့ မင်းဆိုးမင်းညစ်တပါး ဖြစ်ပါတယ်။

အမျက်ဒေါသလွန်ကဲပြီး သတ်ဖြတ် ကွပ်မျက် စီရင်မှုတွေ များစွာပြုခဲ့သူလည်း ဖြစ်သလို အစားကြူးသူအဖြစ်လည်း ထင်ရှားပါတယ်။ ဟင်းခွက် ၃၀ဝ နဲ့ ပွဲတော်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့လက်ထက်မှာ ပုဂံပြည်ကို ကုဗလိုင်ခန်ရဲ့ မွန်ဂိုတပ်‌တွေ ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ ခံခဲ့ရတာမို့ နှစ်ပေါင်း ၂၅ဝ ဝန်းကျင် သက်တမ်းရှိခဲ့တဲ့ ပုဂံအင်ပါယာကြီး ပြိုကွဲခဲ့ပါတယ်။

ရိုင်းစိုင်းယုတ်မာတဲ့ တရုတ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့ဟာလည်း သူ့ရဲ့သားတော် ပြည်စား သီဟသူက နန်းလုတဲ့အခါ အဆိပ်ပါတဲ့ပွဲတော်ကို မလွန်ဆန်နိုင်ဘဲ စားသောက်ရပြီး အသက်ကုန်ခဲ့ရပါတယ်။ တိုင်းသူပြည်သားတွေအပေါ် လူမဆန်အောင် ဆိုးယုတ် ဒုက္ခပေးတဲ့သူတိုင်းဟာ လက်ရှိဘဝမှာပဲ နိဂုံးဆိုးရွားစွာနဲ့ ဇာတ်သိမ်းကြရတာ များပါတယ်။

အခုနောက်ဆုံး လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံသူ နိုင်ငံသားတွေအပေါ် အထက်မှာရေးပြခဲ့တဲ့ လူယုတ်မာ ခေါင်းဆောင်ဆိုးတွေထက် အဆရာထောင်မက ဆိုးဝါးမိုက်ရိုင်းနေကြတဲ့ စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်နဲ့ ထောက်ခံကူညီကြတဲ့ စစ်မိစ္ဆာ အသိုင်းအဝိုင်း စစ်ဗိုလ်ယုတ်၊ လူယုတ်၊ ဘုန်းကြီးယုတ်တွေဟာလည်း ဘယ်လို ဆိုးဝါးပြင်းထန်တဲ့ နိဂုံးမျိုးနဲ့ ကြုံကြရမယ် ဆိုတာကတော့ မကြာတော့မယ့် အနာဂတ် ငွေရောင်ပိတ်ကားမှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုကို ဦးနေှာက်ထွက်ကျအောင် ခေါင်းကို သေနတ်နဲ့ချိန်ပစ်တာ၊ မတရားမှုကို လက်မခံတဲ့ ပြည်သူကို မနက်မှာလာဖမ်း လူမဆန်စွာ ညှဉ်းပန်းရိုက်သတ်ပြီး ညနေ အလောင်းလာယူခိုင်းတာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ခုတ်ဖြတ်သတ်တာ၊ လူအရှင်လတ်လတ် ခေါင်းဖြတ်သတ်တာ၊ လူအရှင်လတ်လတ်ကို သစ်ကိုင်းမှာချည်ပြီး မီးရှို့သတ်တာ စတဲ့ အယုတ်ညံ့ဆုံး မကောင်းဆိုးဝါး မိစ္ဆာရိုင်းတွေလို ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်ဂိုဏ်းဟာ ဘယ်လိုမှ ခွင့်မလွှတ်ထိုက်တော့ပါဘူး။

အခုချိန် စစ်မျက်နှာတိုင်းမှာ စစ်ရေးအရ ရှုံးနိမ့်နေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားပြီး တိုက်ပွဲမဖြစ်တဲ့ မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူ့အိမ်ယာတွေကို တမင်မီးလောင်တိုက်သွင်း ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဖြတ် ၄ ဖြတ် ဗျူဟာကို ကျင့်ဝတ်မဲ့စွာ ကျင့်သုံးကျူးလွန်ပြီး ရိက္ခာ ဆေးဝါး ဖြတ်တောက်တာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဖြတ်တောက်တာ၊ ကုန်စည်စီးဆင်းမှု ဖြတ်တောက်တာတွေ လက်ရဲဇက်ရဲ ကျူးလွန်နေကြတာမို့ ဒီစစ်ဓားပြဂိုဏ်းခေါင်းဆောင်နဲ့ လက်ပါးစေ တဂိုဏ်းလုံးကို စံပြအနေနဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့တန်ဖိုးကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ လူ့ဘောင်အသိုင်းအဝိုင်းကနေ အပြီးတိုင် ရှင်းလင်းဖယ်ရှားကြရမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းရဲ့ တာဝန်တရပ် ဖြစ်လာပါပြီ။

နှစ်ပေါင်း ၁၃၀၀၀ ကျော် ရှည်လျားလှတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းတ‌လျှောက် ပေါ်ထွန်းခဲ့ဖူးသမျှ အယုတ်မာ အရိုင်းစိုင်းဆုံး လူ့တိရစ္ဆာန်တွေထက် အဆရာထောင် ယုတ်မာရက်စက် ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါး‌ စစ်ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်နဲ့ နောက်လိုက်တအုပ်ဟာ သူတို့ကျူးလွန်တဲ့ အကုသိုလ်ဆိုး အမျိုးမျိုးရဲ့ တန်ပြန်အကျိုးဆက်တွေအတိုင်း သိုဟန်ဘွား၊ နန္ဒဘုရင်ယုတ်နဲ့ နရသီဟပတေ့တို့ ကြုံခဲ့ရတဲ့ ကံကြမ္မာဆိုးထက် ပိုမိုဆိုးရွားတဲ့ နိဂုံးဆိုး အနိဌာရုံတွေနဲ့ မလွဲမသွေ ကြုံကြ ဇာတ်သိမ်းကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024