စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး ခါမ်းပါတ်မြို့ကိုလည်း ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်က ပြောက်ကျားစနစ်နဲ့ ထပ်မံထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားတဲ့ ကောလင်းမြို့မှာ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် မြို့တွင်းက အဆောက်အအုံ ၇၀ ရာခိုင်နှုန်းလောက်ထိ ပျက်စီးသွားပြီး စစ်တပ်က မြို့တွင်းမှာ အထိုင်စခန်းတွေ ပြန်တည်ဆောက်နေကာ လက်နက်လူသူအင်အားအခိုင်အမာဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ကောလင်းဒေသခံတဦးက "ကောလင်းအနောက်စခန်းအခြေအနေက မြို့ပေါ် ၈ ရပ်ကွက်လုံးရယ်၊ မြို့ပြဧရိယာနဲ့ ဆက်စပ်တဲ့ ရွာတွေပေါ့နော်၊ အဲ့ဒါတွေ အကုန်လုံး မီးရှို့ခံနေရတယ်။ ကျနော့် ယူဆချက်ကတော့ သူတို့အထိုင်ယူမယ့်နေရာတွေကို ချန်မယ်၊ အခိုင်အမာ Base တွေတည်ဆောက်မယ်၊ အဆောက်အဦးအခိုင်အမာရှိတဲ့နေရာတွေယူပြီးတော့ သူတို့ မြင်ကွင်းနဲ့မရှင်းတဲ့ ရပ်ကွက်တွေ ရွာတွေ အိမ်တွေအကုန်လုံးပေါ့နော် မီးရှို့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကို ရှို့နေတာဗျ။ အခုလောလောဆယ် ကောလင်းမြို့က ၇၀ ရာခိုင်နှုန်းလောက်ထိအောင် ပျက်စီးသွားပြီ"လို့ ပြောပါတယ်။
အစောပိုင်းမှာ ကောလင်းမြို့ပြဧရိယာက ပြည်သူတွေပဲ စစ်ဘေးရှောင်နေရာကနေ နောက်ပိုင်းမှာ ကောလင်းမြို့ပေါ် ၈ ရပ်ကွက်အပါအဝင် မြို့ပတ်လည်က ကျေးရွာပေါင်း ၂၄ ရွာမှာနေထိုင်တဲ့ပြည်သူတွေအားလုံး စစ်ဘေးရှောင်နေကြရပါတယ်။
အလားတူ တော်လှန်ရေးအင်အားစုတွေသိမ်းယူထားတဲ့ တမူးနယ် ခါမ်းပါတ်မြို့ကိုလည်း စစ်ကောင်စီက ပြောက်ကျားစနစ်နဲ့ထိုးစစ်ဆင်ဖို့ထပ်မံပြင်ဆင်နေပါတယ်။
၂၀၂၃ ဒီဇင်ဘာလတုန်းကလည်း ခါမ်းပါတ်မြို့ကို စစ်ကောင်စီက ပြောက်ကျားစနစ်နဲ့ ထိုးစစ်ဆင်ခံပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
တမူးမြို့နဲ့ ကလေးမြို့အကြားမှာတည်ရှိတဲ့ ခါမ်းပါတ်မြို့ဟာ ကုန်သွယ်ရေးလမ်းအတွက်အ ရေးပါတာကြောင့် စစ်ကောင်စီက ပြန်သိမ်းနိုင်ဖို့ကြိုးစားနေတာပါ။
အမျိုးသားလွတ်မြောက်ရေးတပ်တော်(တမူး) ပြောရေးဆိုခွင့်ရှိသူက “ပန်းသာပျူရွာ အင်အားတွေ ထပ်တိုးတယ် ဒီကောင်တွေ။ ဟဲဆင်းမှာဆိုလည်း ဟဲဆင်းက တမူးရဲ့ အဝင်လောက်သွားကျတာပေါ့။ အဲ့နားမှာ အင်အားတိုးတယ်၊ ကတုတ်ကျင်းတွေတူးထားတယ်။ ကျနော့်အမြင်ကတော့ တမူးဘက်ဆိုရင်တော့ ခံစစ်ဗျ။ ဟဲဆင်းရော ပန်းသာရောက မြေပုံအနေ အထားအရရော နောက်ဆုံးခံစစ်သဘောရှိတယ်။ ထိုးစစ်လာမယ့်အနေအထားကတော့ တမူးမြို့ကိုတော့ မတွေ့ဘူး။ ခါမ်းပါတ်ဘက်ကိုတော့ တွေ့ရတယ်ပေါ့နော်”လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ခဲ့ပြီးနောက်မှာ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေသိမ်းယူထားတဲ့ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို ပြန်သိမ်းဖို့ စစ်ကောင်စီက နည်းလမ်းစုံနဲ့ကြိုးစားခဲ့တာပါ။
အမျိုးသားလွတ်မြောက်ရေးတပ်တော်(တမူး) ပြောရေးဆိုခွင့်ရှိသူက "တနိုင်ငံလုံးကြွ နိုင်ရင်တော့ ကောင်းတာပေါ့နော်။ ဟိုနားတကွက် ဒီနားတကွက်ဆိုရင် ကောလင်းလို မဖြစ်စေချင်ဘူးပေါ့ဗျာ။ သိမ်းတာကလွယ်တယ်၊ ထိန်းဖို့ခက်တယ်ပေါ့နော်။ မြို့သိမ်းလို့ရတယ် မြို့ထိန်းဖို့ခက်တယ်။ ပြိုင်တူရုန်းတာတော့ တခါတည်းရုန်းရမှာပဲလေ။ ဗမာတပြည်လုံး လှုပ်လို့ရှိရင်တော့ စစ်ကောင်စီလည်း ဗျာများသွားနိုင်တယ်။ အင်အားအလုံးအရင်းနဲ့ ဝင်ဆောင့်ရင်ပေါ့နော်။ သာမန် ဟိုနားတစ ဒီနားတစတော့မလုပ်စေချင်ဘူး။ ပြီးရင် ဘယ်လိုပြောမလဲ မပြီးခင် ဗမာမမြင်စေနဲ့ပေါ့ဗျာ၊ ပန်းတိုင်မရောက်ခင် တက်မထောင်စေချင်ဘူး” လို့ပြောပါတယ်။
စစ်ကောင်စီက ဟုမ္မလင်းနယ် ရွှေပြည်အေးမြို့ကိုလည်း ပြန်သိမ်းနိုင်ဖို့ အကြိမ်ကြိမ်တိုက်ခိုက်နေပေမဲ့ လက်ရှိအချိန်အထိတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ကပ်ရပ် ဖောင်းပြင်မြို့ရဲ့ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး မြို့ပတ်ခြာလည်မှာ သိမ်းယူဖို့စခန်းတခုသာကျန်ပါတယ်။
ရွှေပြည်အေးဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်နေတာကိုလျှော့ချဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဖောင်းပြင်မြို့ဘက်ကို ပြန်ဖိအားပေးနေတာဖြစ်ပါတယ်။
သုတချမ်းသာ