ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟော့တ်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၁ ရက်က တရားမဝင်အလုပ်သမားတွေ တင်လာတဲ့ကား တစီး စစ်ဆေးရေးဂိတ်ကိုတိမ်းရှောင်ရင်း တိမ်း မှောက်သွားတဲ့အတွက် နှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အဖြူရောင်တိုယိုတာဟိုင်းလပ်ကား တစီးဟာ ဟော့တ်မြို့နယ် ဘော်လုံစစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ အရှိန်မြှင့်မောင်းထွက်သွားလို့ ရဲတပ်ဖွဲ့ဝင်တွေက အနောက်ကနေ ကားနဲ့ ထက်ချပ်မကွာ လိုက်သွားခဲ့တယ်လို့ ဘော်လုံနယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါကားဟာ ဘော်ကယောက်ရဲကင်းနားရောက်တော့လည်း အစစ်မခံဘဲ ဆက်မောင်းသွားလို့ ရဲကားက ဟွန်းမပြတ်တီးပြီး လိုက်သွားခဲ့တယ်၊ အဲဒီကားဟာ ဘန့်ကောင်လွဲ တံတားကို ဖြတ်အပြီးတနေရာ၊ နောက်ကလိုက်လာတဲ့ ရဲကားက ၅ မီတာ အကွာမှာ ကားပျက်ပြီး လမ်းဘေးကဈေးဆိုင်တဆိုင်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဈေးဆိုင်ရော တိုက်တဲ့ကားပါ ရစရာမရှိအောင်ပျက်စီးသွားပြီး ဈေးဆိုင်ကတော့ ဖရဲသီးရောင်းပြီးအဲဒီနေ့က ဆိုင်ပိတ်ထားလို့ လူထိခိုက်တာမရှိဘူး။ ဒါပေမဲ့ ကားထဲပါလာသူ ၈ ယောက်လုံး ဒဏ်ရာရသွားပြီး ၈ ယောက်ထဲမှာ ၂ ယောက်က မကြာခင်သေဆုံးသွားပါတယ်။
သေဆုံးဒဏ်ရာရသူတွေမှာ သက်သေစာရွက်စာတမ်းအထောက်အထားတစုံတရာ မတွေ့ တဲ့အတွက် တရားမဝင် မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကားလို့ ရဲတပ်ဖွဲ့က ခန့်မှန်း ပြောဆိုပါတယ်။
အဲဒီကားဟာ မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းဘက်ကို ဦးတည်နေတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက် ၅ နာရီလောက်ကလည်း ထိုင်းမြောက်ပိုင်း ဖယောင်းခရိုင် မဲ့ကျိုင်မြို့နယ်ထဲမှာ နိုင်ငံခြားသားတွေ စီးလားတဲ့ ဟိုင်းလပ်ကား တစီး လမ်းဘေးက သစ်ပင်နဲ့တိုက်မိလို့ နှစ်ယောက် သေဆုံး တယောက်ဒဏ်ရာရသွားတယ်လို့ ဖယောင်းကယ်ဆယ်ရေးအဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
သေဆုံးသူ ၂ ဦးမှာ အသက် ၄၀ နှစ်ရွယ် အမျိုးသမီးနဲ့ ၃၈ နှစ်ရွယ် အမျိုးသားတို့ဖြစ်ပြီး ဒဏ်ရာရသူမှာ ၂၂ နှစ်ရွယ် အမျိုးသားတယောက် ဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တယောက်ပဲ ဘာဒဏ်ရာမှမရဘဲ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ နှစ်ယောက်ဟာ ဘန်ကောက်မှာအလုပ်လုပ်နေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေဖြစ်ပြီး မြန်မာပြည်က သားကိုပြန်သွားခေါ်ရင်း လမ်းမှာအခုလို အဖြစ်ဆိုးနဲ့ကြုံရတာလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။