ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့က အစ္စရေး၊ အမေရိကန်နဲ့ ဗြိတိန်တို့က အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တဦးတယောက်ပိုင်တဲ့ သင်္ဘောတွေ ဒါမှမဟုတ် အဲဒီနိုင်ငံတွေရဲ့ အလံထူထားတဲ့ သင်္ဘောတွေ ပင်လယ်နီနဲ့ အာရေဗျပင်လယ်၊ အေဒင်ပင်လယ်ကွေ့တို့မှာ သွားလာခွင့် ပိတ်တယ်လို့ သင်္ဘောကုမ္ပဏီတွေနဲ့ အာမခံကုမ္ပဏီတွေဆီကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တရားဝင် သတိပေးစာထုတ်ပြန်ပြီး အကြောင်းကြားပါတယ်။
ဟူသီက အသစ်ထောင်ထားတဲ့ လူသားချင်းစာနာမှုလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ရေး စင်တာက နို့တစ်စာနှစ်စောင် ထုတ်ပြန်ပြီး သင်္ဘောကုမ္ပဏီတွေနဲ့ သင်္ဘောအာမခံ ကုမ္ပဏီတွေကို အသိပေးတာ ဖြစ်ပါတယ်။
သူတို့သင်္ဘောတွေ ဘေးကင်းစေဖို့ ဟူသီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဗြိတိန်ကပိုင်တဲ့ ကုန်တင်သင်္ဘောကို တိုက်ခိုက်မှုနဲ့ အမေရိကန်ဖျက်သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်းနဲ့ အစ္စရေးဆိပ်ကမ်းမြို့ အေလတ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းပါ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က အတည်ပြုပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးက စစ်ဆင်ရေးလုပ်တာကို တန်ပြန်တဲ့အနေနဲ့ ဟူသီခေါင်းဆောင် အဗ္ဗဒူလ်မာလစ်အယ်လ်ဟူသီက “ပင်လယ်နီနဲ့ အာရေဗျပင်လယ်၊ ဘာ့ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားနဲ့ အေဒင်ပင်လယ်ကွေ့တို့က စစ်ဆင်ရေးတွေကို ဆက်လက်အရှိန်မြှင့်ပြီး ထိထိရောက်ရောက် လုပ်သွားမယ်” လို့ ရုပ်သံမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
ဒါ့အပြြင် ရေငုပ်သင်္ဘောလက်နက်သစ်တွေပါ သုံးသွားမယ်လို့လည်း ပြောပါတယ်။ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေကြောင်းသွားလာမှုရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဆူးအက်တူးမြောင်းဖြတ်လမ်းက သွားတဲ့ ခရီးလမ်းကြောင်းအပေါ် ထိခိုက်ခဲ့ရပြီး ပိုအချိန်ကြာပြီး ကုန်ကျစရိတ်ပိုများတဲ့ အာဖရိက ဂွတ်ဟုပ်အငူဘက်ကနေ ပတ်သွားနေကြရပါတယ်။
Source/Photo-Reuters