ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၅ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ မနက် ၉ နာရီလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေ ပြည်သူတွေကို ရုံးမှာခေါ်ပြီး စစ်မှုထမ်းဖို့ စည်းရုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ခန့်ထားတဲ့ ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်ဟာ ဒီနေ့ မနက်က အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ရပ်ကွက်နေသူအချို့ကို ရှင်းပြပြီး လက်ကမ်းစာစောင်တွေပေးကာ စည်းရုံးခဲ့တာဖြစ်ပါတယ်။
ရပ်ကွက်နေသူတဦးက "ရပ်ကွက်နေပြည်သူက ဆယ်ယောက် လောက်ပဲတက်တာ။ ကျန်တာ သူ့လူတွေပဲတက်တာ။ လက်ကမ်းစာစောင်တွေလိုက်ဝေဖို့၊ စစ်မှုထမ်းဥပဒေကို မကြောက်ဖို့ပြောတာ"လို့ ရှင်းပြပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်တဲ့ စည်းရုံး ဟောပြောပွဲကို ရပ်ကွက်နေပြည်သူတွေ တက်ရောက်ခြင်းမရှိဘဲ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ပြည်သူ့စစ်တွေသာ တက်ရောက်ခဲ့တယ်လို့ ရပ်မိရပ်ဖတဦးကလည်း ပြောပါတယ်။
"စည်သူမြင့်ဆိုတာ စစ်တပ်အာဏာသိမ်းပြီး ဒလန်လုပ်ရင်း အုပ်ကြီးဖြစ်လာတာ။ အမျိုးသားရေးမှာ ဒုဥက္ကဋ္ဌ၊ စစ်ကောင်စီသတင်းစာမှာ အယ်ဒီတာလုပ်နေတဲ့သူ၊ သူဖမ်းခိုင်းလို့ အတော်များများ အဖမ်းခံရတယ်။ တောင်ဒဂုံပြည်သူ့စစ်ကို ဦးဆောင်တဲ့သူ။ အခုလုပ်တဲ့ပွဲက သူ့လူတွေနဲ့သူလုပ်တာ။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်က ၂၅ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းပေးမှုကြောင့် ၁၀၆ စျေးအနီးက နေအိမ်တအိမ်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
တောင်ဒဂုံ၊ ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်ဟာ စစ်တပ်ဝါဒဖြန့်သတင်းဌာန တခုဖြစ်တဲ့ Myanmar National Post သတင်းဌာနမှာ အယ်ဒီတာတာဝန်ယူထားသူတဦး ဖြစ်သလို မြို့နယ်သတင်းပေးတဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။