ဘရာဇီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဒယ်နီယယ်အဲလ်ဗက်စ်ဟာ နိုက်ကလပ်တခုမှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံလိုက်ရပါတယ်။
အသက် ၄၀ နှစ်ရှိ နောက်တန်းကစားသမားဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းက ဘာစီလိုနာမြို့မှာရှိတဲ့ နိုက်ကလပ်တခုမှာ အမျိုးသမီးတယောက်ကို အဓမ္မကျင့်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြစ်မှုထင်ရှားခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
အဲလ်ဗက်စ်ရဲ့ ရှေ့နေဘက်ကတော့ ပြစ်ဒဏ်အပေါ် အယူခံတင်သွင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အဲလ်ဗက်စ်ဟာ ထောင်ဒဏ် ၄ နှစ်ခွဲပြစ်ဒဏ်အပြင် နောက်ထပ် ၅ နှစ် ခံဝန်ချုပ်နဲ့ နေထိုင်သွားရမှာဖြစ်ကြောင်း အမိန့်ချခဲ့ပါတယ်။
အဲလ်ဗက်စ်ဘက်ကတော့ နှစ်ဦးသဘောတူဆန္ဒနဲ့ အတူနေခဲ့ကြတာဖြစ်ပြီး အမှုနဲ့ပတ်သက်လို့ ငြင်းဆိုခဲ့ဖူးပါတယ်။
ဘာစီလိုနာအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့သူ အဲလ်ဗက်စ်ဟာ ဘရာဇီး လက်ရွေးစင်အသင်း အတွက်လည်း ၁၂၆ ပွဲကစားခဲ့ပြီး ဆုဖလား စုစုပေါင်း ၄၁ လုံးအထိ ရရှိခဲ့သူဖြစ်ပါတယ်။
Photo-Reuters