ဓာတ်အားစနစ် ချို့ယွင်းတဲ့အတွက်ကြောင့် ဆိုပြီး ရန်ကုန်မြို့မှာ တနေကုန် လျှပ်စစ်မီးပျက်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီခွဲလောက်က စပြီး လျှပ်စစ်မီး ပျက်သွားတာဖြစ်ပြီး ဓာတ်အားစနစ် ချို့ယွင်းမှုကြောင့်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးထားပါတယ်။
မီးပျက်ချိန်ဟာ တနေကုန်နီးပါး ကြာမြင့်ခဲ့ပြီး ညနေ ၅ နာရီခွဲအထိ ပြန်မလာသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက “တော်တော်ကြာနေပြီ။ ထမင်း၊ ဟင်းလည်း မချက်ရဘူး။ ဘယ်လောက်ကြာဦးမယ်လည်း မသိဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့ကို စစ်ကောင်စီက ၄ နာရီခြား လျှပ်စစ်မီး အလှည့်ကျပေးနေတာဖြစ်ပြီး အခုက အားလုံး မီးပျက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ အလှည့်ကျ မီးဖြတ်ခံထားရသူတွေဆိုရင် အခုလို မီးပျက်တဲ့ဖြစ်စဥ်ကြောင့် မီးပျက်ချိန် ပိုကြာမြင့်မှုနဲ့ ကြုံရတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ဆိုပါတယ်။
“နေ့လယ် ၁ နာရီ မီးလာရမှာလည်း မလာဘူး။ မီးပြန်ဖြတ်ခံရမယ့် ညနေ ၅ နာရီတောင် ကျော်သွားပြီ။”
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးရွားစွာ ကြုံနေရတာဖြစ်ပြီး လာမယ့်နွေရက်တွေမှာ ဒီထက်ဆိုးရွားတဲ့ အခြေအနေ ကြုံရမှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။