ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုခို ခမိခဝဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးတေးယွဲနဲ့ ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ G20 ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးမှာ ခုလို တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
ပထမဆုံးအကြိမ် လူချင်းတွေ့တဲ့ ဝန်ကြီး ၂ ယောက်ဟာ မြောက်ကိုရီးယားလို အရေးကိစ္စတွေမှာ အတူတကွ နီးနီးကပ်ကပ် ဆောင်ရွက်ကြဖို့ သဘောတူခဲ့တယ်လို့ ဂျပန် အမျိုးသားသတင်းဌာန NHK က ပြောပါတယ်။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ တရားစွဲရာမှာ အနိုင်ရခဲ့တဲ့ တရားလိုဆီ လျော်ကြေးငွေကို ဂျပန်ကုမ္ပဏီ ဟိတချိ ဇိုဇမ်က လွှဲပေးတာကို တောင်ကိုရီးယားအစိုးရက ခွင့်ပြုပေးခဲ့တဲ့အတွက် စိတ်မကောင်းဘူးလို့ ခမိခဝက ဖော်ပြခဲ့ပါတယ်။
ဂျပန်အစိုးရဟာ တရုတ်ကို တန်ပြန်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် လေးနိုင်ငံကို ဆယ်နှစ်စီမံကိန်းအတွင်း ကင်းလှည့်လှေတွေနဲ့ ရေဒါစနစ်တွေ၊ ဒရုန်းယာဉ်တွေ ထောက်ပံ့ဖို့ ပြင်ဆင်နေတယ်လို့ ဂျပန်အစိုးရရုပ်သံ NHK က ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒေသတွင်း အငြင်းပွားပင်လယ်ပြင်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲမှာ လုံခြုံရေးတိုးမြှင့်ဖို့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဂျိုက်ကာက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တို့အတွက် ပင်လယ်ပြင်လုံခြုံရေး ထောက်ပံ့မယ့် အစီအစဉ်ကို ပြင်ဆင်နေတာလို့လည်း NHK က ထုတ်ပြန်ပါတယ်။
Source/Photo-Reuters