ထိုင်ဝမ်ကို လက်နက်တွေ ပေးပို့မှု သေချာစေဖို့လိုအပ်ပြီး လက်နက်တင်ပို့မှု နောက်ကျ ကျန်နေသေးတာဟာ ပြဿနာကြီးတခု ဖြစ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အောက်လွှတ်တော် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ အမေရိကန်ကိုယ်စားလှယ် မိုက်ခ် ဂဲလယ့်ဂါက ဖေဖော်ဝါရီ ၂၂ ရက်က တိုင်ပေမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ဝယ်ယူထားပြီးသား နိုင်ငံရပ်ခြား စစ်ပစ္စည်းရောင်းချမှုကို ပေးပို့ရာမှာ သေချာစေဖို့ လိုအပ်နေတာဖြစ်ပြီး ပေးပို့ဖို့ရှိနေတဲ့ စစ်ပစ္စည်းတန်ဖိုးက ဒေါ်လာ ၂၀ ဘီလီယံ ရှိကြောင်းနဲ့ အဲဒါတွေကို ခုထိ မပေးပို့ရသေးကြောင်းကိုလည်း အတည်ပြုထားပါတယ် လို့လည်း ဂဲလယ့်ဂါက တိုင်ပေမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါဟာ တရုတ်ကို ဟန့်တားပြီး ရန်လိုမှုကို လျှော့ချမယ့် အစီအမံတရပ်အနေနဲ့ သူတို့လုပ်နိုင်တဲ့ အကြီးမားဆုံးအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့လည်း ဂဲလယ့်ဂါက ဆိုပါတယ်။
ထိုင်ဝမ်ဟာ ကျွန်းဖြစ်နေခြင်း ဆိုတဲ့ ပထဝီဝင်ရှုထောင့်အရ ပဋိပက္ခဖြစ်ချိန်မှာ လက်နက်တွေ ထောက်ပံ့ဖို့က ပိုခက်ခဲလာမှာ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
ဒါပေမဲ့ မဟာမိတ်တွေ၊ မိတ်ဘက်တွေနဲ့ ညှိနှိုင်းတဲ့ စီးပွားရေးဗျူဟာလည်း လိုအပ်တာကြောင့် တရုတ်က စီးပွားရေးစစ်ပွဲလို့ တံဆိပ်တပ်လို့ရတဲ့ တခုခု လုပ်တဲ့အခါ တုံ့ပြန်မှာလည်း မဟုတ်သလို ပိတ်ဆို့အရေးယူမှုလုပ်ပြီး တန်ပြန်ဖို့ ကြိုးစားမှာ မဟုတ်ကြောင်းလည်း ဆိုပါတယ်။
ထိုင်ဝမ်ဟာ သူ့ရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းရာမှာ အထောက်အကူ ဖြစ်စေမယ့် Link-16 ဆက်သွယ်ရေးစနစ်တွေကို အဆင့်မြှင့်တင်ရာမှာ အကူအညီပေးဖို့ အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၇၅ သန်းတန် လက်နက်ရောင်းချမှုအတွက် အသိပေး နို့တစ်စာတစောင် ထုတ်ပြန်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဂဲလယ့်ဂါဟာ တခြားလွှတ်တော်အမတ် ၄ ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ထိုင်ဝမ်ကို ကြာသပတေးနေ့က ရောက်ရှိလာခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ခရီးစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။
ဂဲလယ့်ဂါဟာ ထိုင်ဝမ်ရဲ့ အခိုင်အမာ မိတ်ဆွေတဦးဖြစ်ပြီး ဒီမိုကရက်တစ်ကျွန်းစုကို သူ့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့ အတင်းအကျပ် ဖိအားပေးပြီး စစ်ရေးနဲ့ နိုင်ငံရေး ဖိအားတွေ တိုးပေးတဲ့ တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်သူလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ရေးရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်တာနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချတာ ရပ်တံ့ဖို့ တရုတ်ပြည်မကြီးအစိုးရက အမေရိကန်အစိုးရကို ဖေဖော်ဝါရီ ၂၂ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်မြို့တော် ပေကျင်းမှာ ပုံမှန်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ခုလို ပြောလိုက်တာပါ။
တရုတ်ဟာ ထိုင်ဝမ်အာဏာပိုင်တွေနဲ့ တရားဝင်ဖလှယ်တဲ့ ဘယ်ပုံစံကိုမဆို အတွက် အမေရိကန်ကို အမြဲတမ်း ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်တယ်လို့ မော်နင်က ပြောပါတယ်။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ရင် အစွန်းရောက် ရှုပ်ထွေးမှုနဲ့ ထိလွယ်ရှလွယ် ဖြစ်မှုကို အသိအမှတ်ပြုဖို့၊ တရုတ်တနိုင်ငံတည်း မူဝါဒ၊ တရုတ်နဲ့ အမေရိကန်ကြား ပူးတွဲ တရားဝင် သတင်းထုတ်ပြန်ချက်ကို လိုက်နာဖို့ အမေရိကန်ကို တိုက်တွန်းတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။
Source/Photo-REUTERS/Ben Blanchard