တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့က နန်ရှာဒေသမှာ ပုလဲမြစ်ကူးတံတားကို ကွန်တိန်နာတင် သင်္ဘောအလွတ်တစီးက ဝင်တိုက်မိရာမှာ တံတားကျိုးသွားပြီး ရေထဲကို မော်တော်ယာဉ်တွေ ထိုးကျကုန်ကာ လူ ၂ ဦးလည်း သေဆုံးသွားပါတယ်။
ဘာကုန်စည်မှ မတင်ဆောင်ထားတဲ့ ကွန်တိန်နာအလွတ် သင်္ဘောဟာ ဟုန်ချီလီ ရေလက်ကြားကို ဖြတ်သွားချိန်မှာ တံတားဆိပ်ခံနဲ့ ဝင်တိုက်မိခဲ့ပြီးတော့ လီရှင်းရှာ တံတားရဲ့ ၂ လမ်းသွား ကုန်းပတ်ရဲ့ တပိုင်းအခြမ်းကို မတွေ့ရတော့ကြောင်း တရုတ်အစိုးရပိုင် (CCTV) က ထုတ်လွှင့်ပါတယ်။
တံတားပေါ်ကနေ မော်တော်ယာဉ် ၄ စီးနဲ့ လျှပ်စစ်ဆိုင်ကယ်တစီး ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ရေထဲကျသွားတဲ့ ယာဉ်တွေကြားထဲမှာ ဘတ်စ်ကားတစီး ပါသွားပြီး ဘတ်စ်ကားထဲမှာ အသက်ရှင်ကျန်ရစ်သူ ယာဉ်မောင်းတဦးတည်းသာ ပါသွားပေမဲ့ မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။
မြို့တော်အာဏာပိုင်တွေဟာ အခင်းဖြစ်ပွားရာကို ရေငုပ်သမား ၆ ဦးနဲ့ ကယ်ဆယ်ရေးရေယာဉ်တွေ အပါအဝင် အရေးပေါ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို စေလွှတ်ခဲ့ကြောင်း CCTV က ဖော်ပြပါတယ်။
အာဏာပိုင်တွေဟာ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အသေအပျောက် အချက်အလက်တွေ စိစစ်နေဆဲဖြစ်ကြောင်း ကွမ်ကျိုးရေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတော်တဆမှုမှာ ထိခိုက်သေဆုံးမှုတွေကိုလည်း စာရင်းအတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
လက်ရှိမှာ သင်္ဘောပိုင်ရှင်ကို ထိန်းသိမ်းထားပါတယ်။ အဲဒီလမ်းကြောင်းကို အသုံးပြု သွားလာနေတဲ့ သင်္ဘောတွေနဲ့ မော်တော်ယာဉ်တွေကိုလည်း ကွေ့ရှောင်သွားကြဖို့ အကြံပြုထားပါတယ်။
Source/Photo-Reuters