အာတာပူစီလို့လည်း ခေါ်ကြ၊ သကြားငှက်သိုက်မုန့်လို့လည်း ခေါ်ကြတဲ့ ကလေးတွေကြားမှာ လူကြိုက်များတဲ့ Cotton Candy မုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာ တွေ့ရှိတာကြောင့် အိန္ဒိယပြည်နယ်တချို့မှာ ရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံ၊ တောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ ဓာတ်ခွဲခန်း စစ်ဆေးချက်အရ Rhodamine-B လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့အပြီးမှာ ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။
ပြည်ထောင်စုနယ်မြေ ပူဒူချယ်ရီမှာလည်း အာတာပူစီမုန့်ကို ပိတ်ပင်လိုက်သလို တခြားပြည်နယ်တွေမှာလည်း ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်လာကြပြီဖြစ်ပါတယ်။
ချင်နိုင်းမြို့က စားသောက်ကုန်ဘေးကင်းရေး အရာရှိ ပီဆက်သီးရှ်ကူးမားနဲ့အဖွဲ့က မြို့မှာရှိတဲ့ အာတာပူစီရောင်းတဲ့ ဆိုင်တွေကို ဝင်စစ်တဲ့အခါ ကင်ဆာဖြစ်စေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်မှုကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
Rhodamine-B ဟာ ကင်ဆာဖြစ်စေနိုင်တဲ့အတွက် ဥရောပနဲ့ ကယ်လီဖိုးနီးယားမှာ အစားအသောက် ဆိုးဆေးအဖြစ် အသုံးမပြုဖို့ ပိတ်ပင်ထားတဲ့ပစ္စည်း ဖြစ်ပါတယ်။
တမီလ်နာဒူးပြည်နယ် ကျန်းမာရေးဝန်ကြီးကတော့ Rhodamine-B ကို သကြားငှက်သိုက်တင် မဟုတ်ဘဲနဲ့ အစားအသောက် ထုပ်ပိုး၊ တင်ပို့၊ ရောင်းချရာမှာနဲ့ မင်္ဂလာဆောင်နဲ့ တခြားအခမ်းအနားတွေမှာ ကျွေးမွေးတဲ့ အစားအသောက်တွေမှာ သုံးရင် အရေးယူမယ်လို့ပါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အိန္ဒိယမှာ ဘူဒီ-ကာ-ဘယ်လ် (အဘွားကြီးဆံပင်) လို့ခေါ်ကြတဲ့ ဒီမုန့်ဟာ တကမ္ဘာလုံးက ကလေးတွေ နှစ်သက်ကြတဲ့ မုန့်တမျိုးပါ။
စီးကပ်ကပ်နဲ့ ပါးစပ်ထဲမှာ ပျော်ဝင်လွယ်သလို များသောအားဖြင့် ပန်းရောင်အဆင်းရှိတဲ့ ဒီမုန့်မျိုးကို ကမ္ဘာတလွှားက ကစားကွင်းတွေ၊ ပွဲတော်တွေ၊ ပန်းခြံတွေ၊ ကလေးတွေ အလာများတဲ့ နေရာတွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။
ဒါပေမဲ့ အိန္ဒိယမှာတော့ မုန့်ကို ပန်းရောင်ဖြစ်အောင် အထည်တွေဆေးဆိုးတဲ့နေရာမှာ၊ မင်တွင်ထုတ်တဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းကို သုံးထားတာ တွေ့ရှိတဲ့အတွက် အာဏာပိုင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
Source-BBC, Photo-Reuters