အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြနေတဲ့ လယ်သမားတွေဟာ သူတို့ကို လူစုခွဲဖို့ ကြိုးစားတဲ့အနေနဲ့ လူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ဖျန်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသုံးတဲ့ ဒရုန်းတွေကို ကျော့ကွင်းထောင် ဖမ်းမိဖို့ ဖေဖော်ဝါရီ ၂၁ ရက်က စွန်တွေကို သုံးခဲ့ကြပါတယ်။
စွန်တွေအပြင် လယ်သမားတွေဟာ လေးခွတွေနဲ့ အချက်ပြ မီးကျည်သေနတ်တွေကို သုံးပြီး ဒရုန်းတွေကို ပစ်ခတ်ခဲ့ကြပါတယ်။
အရင်အပတ်ကစပြီး ထောင်ချီတဲ့ လယ်သမားတွေဟာ ဒေလီမြို့တော် မြောက်ဘက် ၁၂၅ မိုင်အကွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ခဲ့တာပါ။
ကောက်ပဲသီးနှံတွေအတွက် အစိုးရက စျေးပိုပေးဖို့ တောင်းဆိုရေး ဒေလီကိုသွားစို့လို့ နာမည်ပေးထားတဲ့ သပိတ်စစ်ကြောင်းကို ရဲတွေက ဟန့်တားခဲ့ပါတယ်။
ရဲတွေက ဒေလီဆီကို ချီတက်နေတဲ့ လူထောင်ချီကို လူစုခွဲဖို့ ရေအမြောက်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးခဲ့အပြီး နာရီပိုင်းအကြာမှာ အစိုးရက ဆွေးနွေးပွဲတွေ ပြန်စဖို့ အသစ်တကြိမ် ကမ်းလှမ်းခဲ့အပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြသူတွေက သပိတ်ကို ရပ်နားခဲ့ပါတယ်။
လယ်သမားတွေဟာ ဆန္ဒပြပွဲမှာ လယ်ထွန်စက်တွေ၊ ကုန်ကားတွေနဲ့ တခြား စိုက်ပျိုးရေးသုံး ပစ္စည်းတွေကိုပါ ယူလာပြီး ဆန္ဒပြခဲ့တာပါ။
ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာန ပြည်နယ်ကြား နယ်စပ်မှာတော့ လယ်သမားတွေက ဝန်ချီစက်တွေ၊ မြေကော်စက်ကြီးတွေကိုပါ သုံးပြီး ချီတက်ခဲ့ကြလို့ အဝေးပြေးလမ်းကို ပိတ်ဆို့ဖို့ အရံအတားတွေနဲ့ ဟန့်တားထားပါတယ်။
ကောက်ပဲသီးနှံတွေကို စျေးပိုမြှင့်ပေးဖို့ ပန်ဂျပ်ပြည်နယ်က လယ်သမားအများစုက တောင်းဆိုထားပါတယ်။
မေလမှာ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဝန်ကြီးချုပ် မိုဒီဟာ သူ့မဲရှင်တွေ ဒေါသထွက်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကို ကိုင်စွဲထားတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
Source/Photo-REUTERS/Francis Mascarenhas