မူဆယ်နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရှိ လမ်းမတွေပေါ်မှာ ရပ်နားထားတဲ့ မြန်မာပြည်က မော်တော်ကားတွေကို သတ်မှတ်ရက်အတွင်း လာမယူပါက တရုတ်အာဏာပိုင်တွေက သိမ်းယူမယ်လို့ ကျယ်ဂေါင်မြို့မှာ နေထိုင်တဲ့ မြန်မာကုန်သည်တွေထံက သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၂ ရက် မနက်ပိုင်းက ကျယ်ဂေါင်မြို့ လမ်းမတွေပေါ်မှာ ရပ်နားထားတဲ့ မြန်မာပြည်က မော်တော်ယာဉ်မျိုးစုံကို ဖေဖော်ဝါရီ ၂၃ ရက် နောက်ဆုံးထားပြီး လာရောက်ယူဆောင်ဖို့ တရုတ်ရဲတွေက သတိပေးစာရွက်တွေကို မော်တော်ယဉ်တွေမှာ လိုက်ကပ်ပေးနေတယ်လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။
“ကားအစီး ၅၀ လောက်ရှိတယ်။ ကားတွေကို မနက်ဖြန် နောက်ဆုံးထားပြီး လာယူကြဖို့ စာရွက်တွေ လိုက်ကပ်နေတယ်။ မနက်ဖြန်မှ လာမယူရင် ကရိန်းနဲ့ဆွဲပြီး သိမ်းသွားမယ်လို့ ပြောတယ်။”
အဆိုပါ ကားအများစုဟာ မူဆယ်မြို့ကကားတွေ ဖြစ်နိုင်ပြီး အိမ်စီးကားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ မာစီးဒီး၊ လပ်ဆတ်၊ ခရောင်း၊ ပရာဒို၊ ဖို့ဒ် အပါအဝင် တန်ဖိုးမြင့်ကားတွေလည်း ပါဝင်ပါတယ်။
အဆိုပါကားတွေဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် မူဆယ်မြို့မှာ စစ်ရေးအခြေအနေ တင်းမာတဲ့အတွက် လုံခြုံစိတ်ချရတဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ကို ပြောင်းရွှေ့ထားတဲ့ကားတွေ ဖြစ်တယ်လို့လည်း အဆိုပါကုန်သည်က ဆိုပါသည်။
“စစ်ရေးမငြိမ်သက်တော့ တန်ဖိုးကြီးတဲ့ သူတို့ကားတွေကို ဒီ တရုတ်ပြည်ဘက် စိတ်ချရအောင် လာထားတဲ့သဘောပါပဲ။”
အခုအခါ မူဆယ်မြို့ဟာ ပုံမှန်အခြေအနေ မရောက်ရှိသေးပေမဲ့ ပြန်တည်ငြိမ်နေပြီဖြစ်ပြီး နှစ်နိုင်ငံ ဝင်ထွက်သွားလာမှုတွေလည်း ပြုလုပ်လို့ရနေပြီလို့ သိရပါတယ်။