ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းရာမှာ အမျိုးသမီးစစ်သည်တွေလည်း ပါဝင်လာပြီး နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အား ဖြည့်တင်းနေတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်ဘက်က အင်းအားဖြည့်တင်းရာမှာ အမျိုးသမီးစစ်သည်တွေ ပါဝင်လာပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်တွေက KNLA ပူးပေါင်းတပ်တွေ လုံခြုံရေးရယူထားတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်းရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အမှတ် ၇ တံတားဦးရပ်ကွက်၊ ပန်းခြံနဲ့ကပ်လျက်ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေကို စစ်ကောင်စီရဲ့ ခလရ ၉၇ က မျက်ကွယ်အကြောင်းပြချက်နဲ့ အရပ်သားပြည်သူတွေရဲ့ ဈေးဆိုင်ခန်းတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ဈေးဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ နီးပါးမီးလောင် ပျက်ဆီးခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှာ တောင်ပေါ်ကျောင်းအနောက်ဘက်မုခ်ဝ၊ အထက်တောင်သူစုရပ်ကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ နေအိမ်တွေ မီးလောင်ပျက်စီးတာ ဆိုးဆိုးဝါးဝါးကြုံတွေ့နေရပြီး တချို့အိုးအိမ်တွေ မရှိတော့ဘူးလို့ ဒေသပြည်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ည ၁၀ နာရီကစတင်ပြီး ကော့ကရိတ်မြို့၊ စက်ကုန်းနဲ့ ဗိုလ်ကုန်း ကြား(ခလရ ၉၇)အနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ အယောက် ၂၀ နီးပါးထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၅၀ ကျော် ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
အောင်ခန့်