အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်မှာ မြန်မာနိုင်ငံသား ချင်းလူမျိုး ၂ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က မူးယစ်စိတ်ကြွဆေးပြား အလုံး ၅၀၅,၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ မူးယစ်စိတ်ကြွဆေး ၅ သိန်းကျော် သယ်ဆောင်လာတဲ့ ချင်း အမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ကို ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီကျော်က မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်၊ ထန်ဆန်ရွာ လန်ဒေါ့မန်အရပ်မှာ မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်စိတ်ကြွဆေးပြား ၅ သိန်းကျော် သယ်ဆောင်လာသူ ၂ ဦးဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ ခေါမဝီရွာမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် လာလ်လောမ်ဇွာအယ်အီးနဲ့ အသက် ၃၁ နှစ်အရွယ် လာလ်ရမ်ဇအိုအာ တို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဖြန့်ဖို့ သယ်ဆောင်လာတာဆိုပြီး ဝန်ခံခဲ့တယ်လို့ မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခဲ့ရတဲ့ ချင်းလူမျိုး ၂ ဦးကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုအတွက် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်မှာ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ကလေးမြို့မှာနေထိုင်တဲ့ အမျိုးသားတဦးထံမှ ဘိန်းဖြူ ရူပီး ၄ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။