ရန်ကုန်မြို့မှာ စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို သတင်းပေးနဲ့ ရပ်ရွာလုံခြုံရေး တာဝန်တွေ ပေးနေတာကြောင့် တခြားအလုပ်ပြောင်းလာကြတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေရဲ့ စာရင်းနဲ့ ကိုယ်ရေးအချက်တွေကို စစ်ကောင်စီက ကောက်ယူထားပြီး PDF တွေရဲ့ သတင်းစုံစမ်းဖို့နဲ့ လုံခြုံရေးအတွက် ကင်းလှည့်ရာမှာ လိုက်ပါဖို့ ဖိအားပေးစေခိုင်းနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ပြည်သူ့စစ်တာဝန်နဲ့ စစ်မှုထမ်းရမယ့် ဦးစားပေးစာရင်းထဲ ထည့်မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း စိုးရိမ်နေကြပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက "တချို့တွေ ဆိုက်ကား ပြောင်းနင်းသူနဲ့ ပန်းရံထွက်လုပ်သူနဲ့ ရှောင်ကုန်တယ်။ ကိုယ်တွေကတော့ အခြေအနေအရ ဆက်လုပ်နေရတာပဲ။ သူတို့ခိုင်းတာတော့ မလုပ်ပါဘူး" လို့ ပြောပါတယ်။
ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို သက်ဆိုင်ရာရပ်ကွက်ရုံးတွေက ဝတ်စုံကြေးနဲ့ လစဥ်ကြေး ကောက်ယူကာ လုပ်ကိုင်ခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။
အဲဒီလို အဖမ်းဆီးမရှိဘဲ တရားဝင်သဘော ခွင့်ပြုပေးထားတာကြောင့် အသစ်ဝင်ရောက်လုပ်ကိုင်သူတွေလည်း ရှိနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဘေးတွဲမောင်းသူတဦးက "ဘေးတွဲမောင်းတဲ့သူတွေကို ထုတ်ပေးထားတဲ့ ဝတ်စကုတ်အင်္ကျီရှိတယ်။ အဲဒါဝတ်ထားရင် သတင်းပေး ဒလန်ဆိုပြီး လူတွေကမြင်ကြတယ်။ သတင်းတွေကလည်း ထွက်နေတော့လေ။ အခု ဆိုင်ကယ်မောင်းရင် အဲဒီအင်္ကျီတောင် မဝတ်ထားရဲအောင်ဖြစ်နေတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ဘေးတွဲဆိုင်ကယ်တွေမှာ ဝါ၊ စိမ်း၊ နီ အလံတပ်ထားရင် နယ်ကျော်သွားလာနိုင်တယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် ဆိုင်ကယ်တချို့ အလံတပ်ပြီး မောင်းနှင်အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။