ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ ရပ်ကွက်တွေအတွင်းရှိ နေအိမ်တချို့ကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ကြဲချမီးရှို့ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပစ်ခိုက်တိုက်ခိုက်မှုတွေရှိနေတာကြောင့် လွိုင်ကော်မြို့မှာ ပြည်သူတွေ အနေနဲ့ ပစ္စည်းပြန်သယ်ယူခြင်းတာတွေ တတ်နိုင်သလောက် မပြုလုပ်ကြဖို့နဲ့ လုံခြုံရေးကို ဦးစားပေးပြီး စစ်ရေးသတိရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။
လွိုင်ကော်မြို့ထဲရှိ ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် မနက်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ၊ အဝေးပစ် မီးလောင်ဗုံးတွေနဲ့ လိုက်လံကြဲချ ပစ်ခတ်ခဲ့လို့ လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ရုပ်သံနဲ့တကွ KNDF ထုတ်ပြန်ထားတယ်။
အဆိုပါပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ရှိ ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံ စတဲ့ ရပ်ကွက်တွေထဲရှိ နေရာ ၅ နေရာလောက်မှာ မီးလောင်ဗုံးကျရောက်ပြီး ပြည်သူလူထုနေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရတယ်လို့ဆိုပေမဲ့ နေအိမ် ဘယ်နှလုံးမီးထဲပါသွားလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အဆက်မပြတ်ရှိနေသလို စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးပစ်ခတ်၊ ဒရုန်း၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဥ်ပြုလုပ်နေတာကြေင့် မြို့တွင်းမှာ ပြည်သူတွေ နေထိုင်သွားလာဖို့ မသင့်သောအခြေအနေလို့လည်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား ပါတယ်။
လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွေနဲ့ အဆိုပါ မီးရှို့ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Photo Credit- KNDF