အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ကတိအတိုင်း ချေးငွေပယ်ဖျက်ပေးမှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အရည်အချင်းပြည့်မီသူပေါင်း ၁၅၃,၀၀၀ နီးပါးအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ ကျောင်းသားချေးငွေတွေကို ဖျက်သိမ်းလိုက်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကောလိပ်ဒီဂရီတခုဟာ ပိုမိုကောင်းမွန်တဲ့ဘဝအတွက် လက်မှတ်တခုဖြစ်ပေမဲ့ အဲဒီလက်မှတ်က အရမ်းစျေးကြီးနေတယ်လို့ ဘိုင်ဒင်က သူ့ရဲ့ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအတွက် ရန်ပုံငွေရှာဖွေရေးမှာ အဓိက အာရုံစိုက်ထားတဲ့ ကယ်လီဖိုးနီးယား ခရီးစဉ်အတွင်းမှာ ပြောသွားတာဖြစ်ပါတယ်။
ကြွေးမြီသက်သာမှု နောက်ဆုံးအကျော့ဟာ ရပ်ရွာကောလိပ် ကျောင်းဆင်းဘွဲ့ရတွေနဲ့ အသေးစားချေးငွေ ချေးထားသူတွေအတွက် အကူအညီ ကြီးကြီးမားမား ဖြစ်စေပြီးတော့ သူတို့ကို အရင်ကထက် အကြွေးတွေ မြန်မြန်ပြေပျောက်မယ့် လမ်းကြောင်းပေါ် ရောက်ကြလိမ့်မယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။
အစိုးရအဖွဲ့ဟာ အခုတော့ လူပေါင်း ၃ ဒသမ ၉ သန်း နီးပါးအတွက် ကျောင်းသားကြွေးမြီ ဒေါ်လာ ၁၃၈ ဘီလီယံကို အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကနေ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
အခုနောက်ဆုံးထုတ်ပြန်ချက်ဟာ တန်ဖိုးရှိတဲ့ ပညာရေးကို စုဆောင်းခြင်း (SAVE) လို့ လူသိများတဲ့ အကြွေးပြန်ပေးချေမှု အစီအစဉ်မှာ စာရင်းသွင်းထားသူတွေနဲ့ သက်ဆိုင်ပြီးတော့ ဒေါ်လာ ၁၂,၀၀၀ နဲ့အောက် ချေးယူထားပြီး အနည်းဆုံး ၁၀ နှစ် ချေးငွေပြန်ဆပ်နေသူတွေနဲ့ အကျုံးဝင်ပါတယ်။
ဒီကြွေးမြီပယ်ဖျက်ရေး အစီအစဉ်အတွက် သမ္မတဘိုင်ဒင် ဆီက အီးမေးလ်တစောင်ကို လက်ခံရရှိသူတိုင်း အကြွေးကင်းလွတ်သွားမှာ ဖြစ်ပါတယ်။
Source/Photo-REUTERS/Kevin Lamarque